မတ္တရာမြို့နယ် ရုံပင်ရွာလေကြောင်းတိုက်ခိုက်ခံရကာ တစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

မတ္တရာမြို့နယ် ရုံပင်ရွာလေကြောင်းတိုက်ခိုက်ခံရကာ တစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ရုံပင်ရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ အရပ်သား အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးများအပါအဝင် (၄)ဦးဒဏ်ရာရကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်‌နေသည့် မတ္တရာမြို့နယ်အရှေ့ခြမ်း ရုံပင်ရွာကို စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာတစ်စီးက ပေါင်(၂၀၀)ဗုံးကြဲချသည့်အပြင် ‌စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲသွားတာပါ။ ကလေးတွေပါ ဒဏ်ရာရပါတယ်။ အခုက မတ္တရာမြို့ထဲ ဘောလုံးကွင်းမှာ လက်နက်ကြီးအထိုင်ချပြီး အတွဲလိုက်ဒုံးတွေပစ်နေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၅၀) အရွယ် အမျိုးသမီးတစ်ဦး‌ သေဆုံးပြီး အသက်(၃၀)နှစ်အရွယ်၊ အသက်(၂၀)နှစ် အရွယ်၊ အသက်(၁၁)နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက်(၆)နှစ်အရွယ် လူလေးတစ်ဦးတို့ ဒဏ်ရာရသည်ဟု Wetlet Information Network ကလည်း ဖော်ပြထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း (၂၅)ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီး စဥ့်ကူးနှင့် မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်သုံ့ပန်း(၁၀၀)ကျော်ကိုလည်း ဖမ်းမိထားကာ အလင်းဝင်လာသူ (၃၀)ဝန်းကျင်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။

#TachileikNewsAgency