တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များမှ ဦးဆောင်နိုင်စွမ်းရှိသူများအား အစိုးရအဖွဲ့အတွင်း ထည့်သွင်းရန် NUG ယာယီသမ္မတ ပြော

တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များမှ ဦးဆောင်နိုင်စွမ်းရှိသူများအား အစိုးရအဖွဲ့အတွင်း ထည့်သွင်းရန် NUG ယာယီသမ္မတ ပြော

တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များမှ ဦးဆောင်နိုင်စွမ်းရှိသူများအား အစိုးရအဖွဲ့အတွင်း ထည့်သွင်းခြင်းအားဖြင့် တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်သည့် တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောက်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ပြောဆိုလိုက်ခြင်းဖြစ်သည်။

တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေး ခိုင်မာရန် တည်ဆောက်သည့်နေရာတွင် လက်တွေ့ကျသည့် တပ်ပေါင်းစုဖြစ်ရန် လိုအပ်ပြီး ၊ မဟာမိတ်အင်အားစုများထဲက ဦးဆောင်နိုင်မှု ထက်မြက်သည့် ပုဂ္ဂိုလ်များအား အစိုးရအဖွဲ့အတွင်း အားသစ်လောင်း ဖြည့်ဆည်းခြင်းဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်သည့် တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်မည်ဟု ယာယီသမ္မတက ဆိုသည်။

ထို့အပြင် ပြည်သူလူထုနှင့် နေ့စဉ်ထိတွေ့နေကြရသည့် ပသုံးလုံး ယန္တရားဖြစ်သည့် ပြည်သူ့ကာကွယ်ရေး ၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များကိုလည်း ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တို့ရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည်မှုကို ခိုင်ခိုင်မာမာ ရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၇)ရက်နေ့က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင်လည်း ၂၀၂၅ ခုနှစ်အတွင်း နည်းနာပိုင်းအရ-ပုံသဏ္ဍန်ပိုင်းအရ ထိရောက်သည့် ရလာဒ်များထွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရအား ပြုပြင်ပြောင်းလဲရေးများ စတင်မည်ဖြစ်ကြောင်း ယာယီသမ္မတက အသိပေးပြောဆိုထားသည်။

#TachileikNewsAgency

#TNA_LE