ဝှေခါရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ ၅၀၀၀ ကျော်တိမ်းရှောင်ရပြီး စားနပ်ရိက္ခာများလိုအပ်

ဝှေခါရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ ၅၀၀၀ ကျော်တိမ်းရှောင်ရပြီး စားနပ်ရိက္ခာများလိုအပ်
ဇန်နဝါရီ 11, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်း KPDF တပ်ရင်းများက ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ (၅၀၀၀)ကျော် ဆိပ်မူ(ဆိုင်းတောင်)ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ပေးနေသူများထံမှ သိရသည်။

ဝှေခါရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းကို KIA ပူးပေါင်း KPDF တပ်များက ပြီးခဲ့သည့်ရက်ပိုင်းက စတင်ကာ ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် ဝှေခါကျေးရွာအနီးရှိ ကျေးရွာများမှ ဒေသခံ(၅၀၀၀)ကျော်မှာ ဆိပ်မူဘက်သို့ တိမ်းရှောင်လာကြရပြီး ဝှေခါရွာမှဒေသခံများမှာ ပိတ်မိနေဆဲဖြစ်သည်ဟု ဆိုသည်။

“ဝှေခါပတ်ပတ်လည်က ရွာတွေကတော့ တိုက်ပွဲဖြစ်တော့အကုန်ထွက်လာကြပြီ။ ဝှေခါမှာ ပိတ်မိနေတဲ့ ဒေသခံတွေတော့ ကျန်သေးတယ်။ တိုက်ပွဲကဖြစ်နေတော့ ထွက်မရဘူးဖြစ်နေတာ။ တိုက်ပွဲငြိမ်တဲ့အချိန်ရောက်တော့မှ PDF တပ်တွေကို ခွင့်တောင်းပြီးတော့ ကယ်ထုတ်ရတာပေါ့။ ဒီနေ့တော့ တိုက်ပွဲအကြီးအကျယ်ကြီးတော့မရှိတော့ဘူး။ တချက်ချက်စစ်ထိုးတာ။ ဗုံးသီးချတာတွေတော့ရှိတယ်။”ဟု ကယ်ဆယ်ပေးနေသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ဝှေခါရွာသည် အိမ်(၅၀၀၀)ဝန်းကျင်ရှိပြီး ဖားကန့်မြို့နှင့် (၁၅)မိုင်ဝန်းကျင်ဝေးကာ ဝှေခါရွာမှ အင်းတော်ကြီးဘက်သို့ အထွက်ရွာထိပ်ရှိ စစ်ကောင်စီတပ်စခန်းကုန်းကို KIAနှင့် KPDF တပ်များက လမ်းပိုင်းများအား စိုးမိုး၍ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

“ရက်ပိုင်းဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ရေရှည်ဆိုရင်တော့ စားနပ်ရိက္ခာလိုသွားမယ်။ အခုတော့ ကူညီလှူဒါန်းသူတွေရှိနေပေမယ့် တစ်လလောက်ကြာ သွားရင် စားနပ်ရိက္ခာလိုအပ်ချက်ရှိလာမယ်။ နေစရာနဲ့ ဆေးဝါးတော့ အဆင်ပြေပါတယ်။ အဝတ်အထည်တွေကိုလည်း လှူဒါန်းသူရှိတယ်။ အဓိက စားနပ်ရိက္ခာအတွက် လိုအပ်နေတယ်။”ဟု ၎င်းကဆက်ပြောသည်။ 

လက်ရှိ တိမ်းရှောင်လာရသည့် ဒေသခံများမှာ မကာပင်၊ ဝှေခါ၊ ခကျန်၊ ဂျမ်ခကျေးရွာများမှ ဒေသခံများဖြစ်ပြီး ဆိပ်မူရှိ မှော်ရှန်ဘုန်းကြီးကျောင်း၊ စိန်မြသုခ ဘုန်းကြီးကျောင်း၊ တောင်ပေါ်ကျောင်းနှင့် ဘုရားကျောင်း(၄)ခုတို့တွင် ခိုလှုံနေရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ