ရွှေပလ္လင်စားသောက်ဆိုင်၏ တစ်ခါသုံးခွက်တွင် ဘုရားစေတီပုံရိုက်နှိပ်အသုံးပြုသည်ဟုဆိုကာ စစ်အုပ်စု သိမ်းဆည်းသွား

ရွှေပလ္လင်စားသောက်ဆိုင်၏ တစ်ခါသုံးခွက်တွင် ဘုရားစေတီပုံရိုက်နှိပ်အသုံးပြုသည်ဟုဆိုကာ စစ်အုပ်စု သိမ်းဆည်းသွား

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ရွှေပလ္လင်စားသောက်ဆိုင်၌ တစ်ခါသုံးခွက်တွင် ဘုရားစေတီပုံများရိုက်နှိပ်၍ အသုံးပြုသည်ဟုဆိုကာ စစ်ဆေးပြီး ခွက်များကို သိမ်းယူသွားသည်ဟု စစ်ကောင်စီလော်ဘီများက ဖော်ပြသည်။ 

 

ပဲခူးတိုင်း၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးအမြန်လမ်း (၃၉)မိုင် ယာဥ်ရပ်နားစခန်းဝန်းအတွင်းရှိ ရွှေပလ္လင်စားသောက်ဆိုင်၌ တစ်ခါသုံးကော်ဖီခွက်များတွင် ဘုရားစေတီပုံများရိုက်နှိပ်၍ လက်ဖက်ရည်ထည့်ကာရောင်းချနေသည်ဟုဆိုပြီး စစ်ကောင်စီတပ်က ၂၀၂၅ခုနှစ် မတ်လ(၁၆)ရက်နေ့ ည(၇)ခွဲကျော်တွင် ဝင်ရောက်စစ်ဆေးသည်ဟု သိရသည်။ 

ရွှေပလ္လင်စားသောက်ဆိုင်ကို ဘုရားကြီးမြို့ အုပ်ချုပ်ရေးမှူး ဦးဟိုင်းကြိုင်ကြိုင်တိုး ဦးစီးသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဘုရားကြီးမြို့နယ် မြေရဲစခန်းမှ နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ကျော်ဆန်းဝင်း ဦးစီးသော တပ်ဖွဲ့ဝင်များ၊ (၃၉)မိုင်စစ်ဆေးရေးဂိတ်မှ ဒုရဲအုပ်ရဲနိုင် ဦးစီးသော တပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ ဝင်ရောက်စစ်ဆေးသည်ဟု သိရသည်။

စစ်ဆေးရာတွင် ရွှေပလ္လင်စားသောက်ဆိုင်အတွင်း၌ တစ်ခါသုံးကော်ဖီခွက်များတွင် ဘုရားစေတီပုံများရိုက်နှိပ်ထားသော ကော်ဖီခွက်(၂၅)ခွက်အား ရှာဖွေတွေ့ရှိသဖြင့် ဘုရားကြီးမြို့အုပ်ချုပ်ရေးမှူးက သိမ်းဆည်းသွားသည်ဟု ဆိုသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်နေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့က နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို တိုက်လေယာဉ်ဖြင့် ပေါင်(၂၅၀)ဗုံး (၄)လုံးကြဲချ၍ စက်သေနတ်များပစ်ခတ်ခြင်းကြောင့် သံဃာတော်(၂)ပါးနှင့် သာမဏေ(၄)ပါးအပါအဝင် အမျိုးသား တစ်ဦး၊ အမျိုးသမီး(၂)ဦးတို့ ထိမှန်သေဆုံးခဲ့ရသည်။

ထို့အပြင် သံဃာတော် (၁၃)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သား(၄)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်နှင့် ကျောင်းဆောင်အများအပြားလည်း ပျက်စီးသွားသည်ဟု သိရသည်။

#TachileikNewsAgency