မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ကုန်ထုတ်လမ်း ဖေါက်လုပ်ရန် တိုင်းဒေသကြီးအစိုးရက ယခင်နှစ်ထက် ဘတ်ဂျက် ပိုသုံးမည်

မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ကုန်ထုတ်လမ်း ဖေါက်လုပ်ရန် တိုင်းဒေသကြီးအစိုးရက ယခင်နှစ်ထက် ဘတ်ဂျက် ပိုသုံးမည်
ဇန်နဝါရီ 26, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးရန် ကျေးရွာများက တောင်းဆိုမှု ၂၀၂၁ ခုနှစ်အတွင်း များလာပြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘတ်ဂျက်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေမှ ခွင့်ပြုငွေလည်း ပိုတိုးခွင့်ပြုထားကြောင်း သိရသည်။



ကျေးလက်ကုန်ထုတ်လမ်းတွေကို ထပ်မံဖောက်လုပ်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေတာကြောင့် ကျွန်တော်တို့ အနေနဲ့ ကွင်းဆင်းပြီး စီမံချက်ရေးဆွဲ ဆောင်ရွက်လျှက် ရှိနေပါတယ်။ လယ်တွေ ယာတွေထဲကို ဖြတ်သန်းဖောက်လုပ်ရတာဖြစ်လို့ လယ်ရှင်ယာရှင်တွေက သဘောမတူတာမျိုး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှာမျိုး၊ ဇီဝမျိုးကွဲတွေကို ထိခိုက်စေမှာမျိုး ဆိုရင်တော့ လုပ်ပေးလို့မဖြစ်နိုင်တာတွေတော့ ရှိပါတယ်

ဟု မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က တာချီ လိတ်သတင်းအေဂျင်စီသို့ ပြောသည်။



တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် (၁) မြို့နယ်၌ ကျေးလက်လမ်းအရှည် (၁)ဖာလုံတွက် ကျပ် (၁၉) သန်းကျော်ပံ့ပိုးပေးခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွက်  (၅) မြို့နယ်၌ ကျေးလက်လမ်းအရှည် (၁၀)မိုင်ဖေါက်လုပ်ပေးရန် ကျပ်သန်းပေါင်း (၃၄၀) ကျော်ပံ့ပိုးမည်ဖြစ်ကြောင်း သိရသည်။ 



ယင်းအပြင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်အတွက် (၂၃) မြို့နယ်တွင် ကျေးလက်လမ်းအရှည် (၅၆)မိုင်ကျော်၊ တံတားရေကျော် (၅၈)စင်းအတွက် ကျပ်သန်းပေါင်း (၁၇၁၂)ကျော်သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။



မူလ ကျေးလက်လမ်းတွေက လမ်းအကျယ် (၆) ပေကနေ (၈) ပေလောက်ပဲရှိပြီး ကုန်းကမူ အနိမ့်အမြင့် တွေကြောင့် သွားလာရေးခက်ခဲမှုနဲ့ ကြုံတွေ့ကြရပြီး သတ်မှတ်ချက်များနှင့်အညီ ဖောက်လုပ်တဲ့ ကျေးလက် ကုန်ထုတ်လမ်းတွေကတော့ လမ်းနယ် (၂၀) ပေ၊ လမ်းအကျယ် အနည်းဆုံး (၁၂) ပေရှိပါတယ်

ဟု မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။



မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၂၀၉၀) ကျော်သုံးစွဲ၍ မြို့နယ်ပေါင်း (၁၉) မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်း အရှည် (၆၇) မိုင်ကျော်၊ တံတားရေကျော် (၁၉၁) စင်းကို အကုန်ကျခံ ဖောက်လုပ်ပေးထားကြောင်း သိရသည်။



Tachileik News Agency

သတင်း-ဖီးနစ်

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...