ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် ယနေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့ နံနက်အစောပိုင်းက လုပ်ကွက်ဟောင်း မြေစာပုံပြိုကျ၍ လူအများအပြားပျောက်ဆုံးနေပြီး ဖားကန့်ဒေသတွင် တစ်ပတ်အတွင်း ဒုတိယမြောက် မြေစာပုံပြိုကျမှုဖြစ်ပွားခြင်းဖြစ်သည်။
ယနေ့နံနက် (၄)နာရီခွဲဝန်းကျင်တွင် ပြိုကျသည့်မြေစာပုံမှာ အောင်သာယာတိုးချဲ့ရပ်ကွက်အနီးရှိ ဒေသအခေါ် စိန်စိန်လုပ်ကွက်၏ လုပ်ကွက်ဟောင်း မြေစာပုံဖြစ်ပြီး ရေမဆေးရှာဖွေနေသူများအပြင် ဈေးရောင်းနေသည့် ဈေးသည်များပါ ပါသွားသဖြင့် လူအများအပြားပါသွားနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။
ဖားကန့်မြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၉) ရက်နေ့ကလည်း ဆိုင်းဂျာဘွမ်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပုံပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေသူ (၁၀) ဦးဝန်းကျင် အသက်ဆုံးရှုံးခဲ့ရသည်။
ဖားကန့်ဒေသတွင် စက်ယန္တရားများဖြင့် ကျောက်စိမ်းတူးဖေါ်သည့်ကုမ္ပဏီကြီးများက စွန့်ပစ်သည့် မြေစာပုံများတွင် ကျောက်စိမ်းတူးဖေါ်ခွင့်မရကြသူများက စွန့်စား၍ ကျောက်စိမ်းရှာဖွေနေကြခြင်းဖြစ်ရာ နှစ်စဉ်နှစ်တိုင်း မြေစာပုံပြိုကျ၍ အများအပြားသေဆုံးမှုဖြစ်နေရသော်လည်း တာဝန်ရှိသူများက အဆိုပါကိစ္စအား ဖြေရှင်းနိုင်ကြခြင်းမရှိသေးဘဲဖြစ်နေသည်။