ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက တိုက်ပြိုများမှ ရှာတွေ့သည့် ရွှေနှင့် ငွေများကို ပိုင်ရှင်ထံပြန်ပေး

ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက တိုက်ပြိုများမှ ရှာတွေ့သည့် ရွှေနှင့် ငွေများကို ပိုင်ရှင်ထံပြန်ပေး

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့် အဆောက်အဦးအတွင်းမှ တွေ့ရှိသော ရွှေထည် နှင့် ငွေသားများကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံပေးလိုက်သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီထံမှ သိရသည်။ 

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း တွေ့ရှိခဲ့သော ရွှေထည်နှင့် ငွေသားများအား ပိုင်ရှင်လက်ထံ စိစစ်၍ အပ်နှံလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“အတိတကျတော့ ကျွန်တော်တို့ တန်ဖိုး မတွက်တတ်ဘူး။ တွေ့သမျှပစ္စည်းတွေ အကုန်လုံးကို ကာယကံရှင်ကိုရှာပြီး ပေးတာပါ။ ပစ္စည်းတစ်ခုတွေ့တာနဲ့ ကျွန်တော်တို့က ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံအတိုင်းပြပြီး ပြန်ပေးတာပါ။ ကာယကံရှင်ကတော့ ရပ်ကွက်က သိတယ်လေ ဒါဘယ်သူ့အိမ်ဆိုတာကို။”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ဧပြီလ (၁)ရက်နေ့တွင် ပြောသည်။

 

စစ်ကိုင်း နှင့် မန္တလေးတို့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) အပါအဝင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ကရင်ပြည်နယ်)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(တောင်ငူ)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရေး) စသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ခွဲများ အပါအဝင် နီးစပ်ရာနှင့်အဝေးမှ ရောက်ရှိလာသည့် မြန်မာနိုင်ငံတွင်းမှ လူမှုကူညီမှုအသင်းအဖွဲ့များ ပူးပေါင်းပြီး အင်အား (၃၀၀)ကျော်ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာများနှင့် ပူးပေါင်းပြီး လုပ်ဆောင်နေလျှက်ရှိသည်။

#TachileikNewsAgency

Photo:  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီ