ငလျင်ဒဏ်ခံစားခဲ့ရသည့် မန္တလေးနှင့် နေပြည်တော်တို့ရှိ စက်သုံးဆီဆိုင်များကို ပြန်လည်ပြင်ဆင်ထားပြီး စက်သုံးဆီ အလုံအလောက်ရှိသဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်းမလုပ်ကြရန် စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ထို့အပြင် ပြည်သူများအနေဖြင့် လက်တလောအခြေအနေကြောင့် စက်သုံးဆီ အပိုသိုလှောင်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုအပ်သလောက်သာ ဝယ်ယူသုံးစွဲကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကြောင့် စက်သုံးဆီအရောင်းဆိုင်များ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ပြီး မြေအောက်သိုလှောင်ကန်များ အပါအဝင် ဆီပန့်နှင့် ဆက်သွယ်ထားသော မြေအောက်ဆီပိုက်လိုင်းများ ချို့ယွင်းခြင်း၊ စက်သုံးဆီဖြန့်ဖြူးရာတွင် အသုံးပြုသည့် မီးစက်များ ချို့ယွင်းခြင်းအပြင် လျှပ်စစ်မီး ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကိစ္စများကို ယနေ့ မတ်လ(၂၉)ရက်နေ့တွင် ပြန်လည်ပြင်ဆင်ခဲ့ရာ နေပြည်တော်မှ စက်သုံးဆီအရောင်းဆိုင်(၁၀၅)ဆိုင်အနက် (၉၀)ဆိုင်ခန့်နှင့် မန္တလေးမှ (၁၆၄)ဆိုင်တို့အား ပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်၍ ဖွင့်လှစ်ရောင်းချနေပြီဟုဆိုသည်။
ကျန်အရောင်းဆိုင်များကို စောလျင်စွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေပြီး ရန်ကုန်တိုင်းရှိ စက်သုံးဆီဆိုင်များမှာ ပျက်စီးချို့ယွင်းခြင်းမရှိခဲ့ဟု ဆိုသည်။
ထို့အပြင် စက်သုံးဆီဖူလုံရေးအတွက် သီလဝါသိုလှောင်ကန်စခန်းများတွင် ရက်သတ္တပတ်(၁)ပတ်စာ ကြိုတင်သိုလှောင်ထားရှိပြီး ဆီတင်သင်္ဘောများမှာလည်း အဆက်မပြတ် ဝင်ရောက်နေရာ Jetty များတွင် (၄)စီး၊ ပင်လယ်ဝတွင်(၃)စီးနှင့် ပြည်ပနိုင်ငံများတွင် စက်သုံးဆီတင်နေသည့် သင်္ဘော(၁၁)စီး ရှိသည်ဟုလည်း ထုတ်ပြန်သည်။
#TachileikNewsAgency