မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား လက်ဦးမှုရယူ၍ တိုက်ခိုက်ကြောင်း သရက်ခရိုင်အမှတ် (၄) တပ်ရင်းမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်ရှိ မဲဇလီကျေးရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး ခန့်အား အောက်တိုဘာလ (၂၉)ရက်နေ့ ညနေ (၃)နာရီ (၁၅)မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊သရက်ခရိုင်အမှတ်-၄ တပ်ရင်း တပ်ခွဲ (၁)မှ လက်ဦးမှုရယူပြီး စတင်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု (၁၅)မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံး၍ ကျန်တပ်ဖွဲ့ဝင် (၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး ၊ ထိခိုက်သေဆုံးသူများအား သရက် ကပစ (၁၂)သို့ သယ်ယူသွားသည်ဟု နောက်ဆက်တွဲအဖြစ် သိရှိရကြောင်း သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂၁)ရက်နေ့ကလည်း မင်းတုန်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရန် နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်နေသည့် စစ်ကောင်စီစစ်ကြောင်းအား သဖန်းကိုင်းကျေးရွာအနီး သရက်-မင်းတုန်း လမ်းပိုင်းပေါ်တွင် သရက်ခရိုင်အမှတ်(၄) တပ်ရင်းမှ စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: သရက်ခရိုင် အမှတ် (၄) တပ်ရင်း