သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်နေသဖြင့် ဒေသခံများ နေရပ်မပြန်ရဲ

သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်နေသဖြင့် ဒေသခံများ နေရပ်မပြန်ရဲ

ရခိုင်ပြည်နယ် သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်နေဗီမှ လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်နေသဖြင့် ဒေသခံများ နေရပ်သို့မပြန်ရဲဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

“ပစ်နေတာကတော့ အနီးအနားကပဲ။ လေယာဉ်ကနေဗုံးကြဲတာမဟုတ်ဘူး။ နေဗီကနေပစ်နေတာ။ မနေ့ည(၉)နာရီလောက်မှာစပစ်တာ။ (၅)လုံးပစ်တယ်။ ပစ်တဲ့နေရာနဲ့ ဆင်ခေါင်းနဲ့ကနီးတယ်။ လှမ်းကြည့်ရင်မြင်နေရတာ။ ဒီနေ့တော့ ဆင်ခေါင်းဘက်မပစ်ဘူး။ ညကအထိတောင် ပစ်နေဆဲဆိုတော့ ဒေသခံတွေလည်းကြောက်တာပေါ့။ ဘယ်လိုလုပ်ပြန်မှာလဲ။”ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ဆင်ခေါင်းရွာကို ပင်လယ်ဝဖြစ်သည့် လှိုင်းပေါက်အနီးရှိ နေဗီမှ ၂၀၂၄ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် လက်နက်ကြီး (၅)လုံးနှင့် ထပ်မံပစ်ခတ်ရာ နေအိမ်တစ်လုံးထိမှန် ပျက်စီးသွားသည်ဟု သိရသည်။

“မနေ့ကပစ်တာက မှော်ဖျားကိုကျတယ်။ ဒေသခံတွေကတော့ ပြေးနေရတာကြာပြီဆိုတော့ လူထိခိုက်တာ တော့မရှိဘူး။ နေအိမ်တစ်လုံးတော့ ပျက်သွားတယ်။ ဒီနေ့(ဇွန်လ ၁၈)မှာတော့ အဲဒီနေဗီကနေ ခမောင်းတုန်းဘက်ကို ပစ်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ(၂)ရက်နေ့ကစတင်၍ စစ်ကောင်စီသည် ဆင်ခေါင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကြည်း၊ ရေ၊ လေဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်များစွာပျက်စီးပြီး ဒေသခံ(၆၀)ဦးကျော်သေဆုံး၊ (၁၀၀)ဦးဝန်းကျင် ဒဏ်ရာရရှိကာ ဒေသခံထောင်ချီလည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရသည်။

လက်ရှိတွင် သံတွဲမြို့၌ ဒေသခံ(၂၀၀၀)ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားသောက်ရေးကိစ္စကို အလှူရှင်များ လှူဒါန်းမှသာ စားနေကြသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: AA ကယ်ထုတ်ပေးခဲ့ရသည့် သံတွဲဒေသ ဂေါ့နှင့် ဆင်ခေါင်းရွာမှ စစ်ရှောင်များ(ပုံဟောင်း)