ကျောက်မဲမြို့လယ်ခေါင်ကို စစ်ကောင်စီတပ် ထပ်မံ ဗုံးကြဲ

ကျောက်မဲမြို့လယ်ခေါင်ကို စစ်ကောင်စီတပ် ထပ်မံ ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက် နေ့ နေ့လယ်(၂)နာရီခွဲဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ဒေသခံများထံမှ သိရ သည်။

စစ်ကောင်စီတပ်သည် ကျောက်မဲမြို့တွင်းရှိ မေတ္တာမွန်ခန်းမ၊ မြို့တော်ခန်းမနှင့်ကပ်လျှက် အမှတ်(၆) စာသင်ကျောင်းအနီးကို ကြဲချသွားခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုကို မသိရသေးဟု ဆိုသည်။

“ဟုတ်တယ် မြို့တော်ခန်းမနားလေးက ကျောင်းကိုကြဲသွားတယ်။ ဘယ်နှစ်နေရာကို ကြဲတယ်ဆိုတာတော့ မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

မေတ္တာမွန်ခန်းမ၊ ညဈေးနှင့် မြို့တော်ခန်းမတို့သည် လမ်းတစ်ခုသာခြားပြီး မြို့လယ်တွင်ရှိကာ လက်ရှိ တွင် ဖုန်းလိုင်းများယာယီပြတ်တောက်သွားသည်ဟု သိရသည်။

ဒေသခံတစ်ဦးကမူ စစ်ကောင်စီက ဗုံးကြဲဖျက်ဆီးခဲ့သည့် One love ဟိုတယ်နှင့် မြို့တော်ခန်းမအနီးကို ဗုံးကြဲခံရသည်ဟုလည်း ဆိုသည်။

TNLA ရှေ့တန်းရဲဘော်တစ်ဦးကလည်း ဗုံးကြဲခံရသည်ကို Tachileik News Agency ကိုအတည်ပြုပြီး နေရာနှင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမသိရသေးဟု ပြောသည်။

ဇန်နဝါရီလ(၂၅)ရက်နေ့ကလည်း စစ်ကောင်စီသည် ကျောက်မဲပြည်သူ့ဆေးရုံကို တိုက်လေယာဉ်ဖြင့် ဗုံး(၄)လုံးကြဲချတိုက်ခိုက်ရာ ဆေးရုံပျက်စီးပြီး လူနာများကို ဆေးကုသပေးနေသည့် CDM ဆရာမတစ်ဦးနှင့် လူနာတစ်ဦးတို့သေဆုံးပြီး ကျန်းမာရေးဝန်ထမ်းများ၊ CDM ဝန်ထမ်းများအပါ အရပ်သား(၂၀)ဦး ကျော်ဒဏ်ရာရသည်။

ဇန်နဝါရီလ(၂၂)ရက်နေ့ကလည်း နောင်ချိုမြို့ရှိ ပါရမီ(၂)လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် မိသားစုဝင်တချို့အပါအဝင် (၈)ဦးသေဆုံးပြီး ဇန်နဝါရီလ(၂၁)ရက်နေ့တွင် နောင်ချို့မြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးနှင့် စည်ပင်သာယာရုံးတို့ကို လေကြောင်းမှ ဗုံးကြဲချ၍ အရပ်သားတစ်ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့မှ နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြို့နယ်(၁၂)ကို သိမ်းယူကာ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ယူထားခြင်းဖြစ်သည်။