အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ကောင်စီအား MNDAA အသိပေး

အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ကောင်စီအား MNDAA အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီမှ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားပြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အနီးတွင် စစ်ကောင်စီ၏ စတင်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ( ၂ ) ဦး ကျဆုံးခဲ့ပြီး ၊ ( ၃ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက်  မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) မှ ၂၀၂၄ ခုနှစ် ဇွန်လ ( ၂၉ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လားရှိုးမြို့ မြောက်ဘက် နမ့်ဖူးယိုင်ရှိ မဟာမိတ်တပ်များ ထိန်းချုပ်နယ်မြေကို စစ်ကောင်စီ တပ်ရင်း ( ၅၇၉ ) မှ ဇွန်လ (၂၉) ရက်နေ့ မနက် (၈) နာရီတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၊ မဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA အဖွဲ့မှ ဆိုသည်။ 

ဇွန်လ ( ၂၉ ) ရက်နေ့ နံနက် ဆယ်နာရီခွဲတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကို MNDAA တပ်ဖွဲ့ဝင်များမှ ဖြတ်တောက်ပိတ်ဆို့ထားနိုင်ခဲ့ပြီး နံနက် (၁၁) နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ထိုးစစ်ဆင်လာသည့်အဖွဲ့ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီမှ လားရှိုးမြို့၊ ဟိုပိတ် ၊(၁၃) မိုင် မှနေ၍ မဟာမိတ်တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအား အမြောက်ကျည်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့  ညရှစ်နာရီခွဲအချိန်အထိ စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မဟာမိတ်တပ်များဖြစ်သည့် တအောင်းတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့နှင့်အတူ လက်မှတ်ထိုးထားသည့် ဟိုဂင်သဘောတူညီချက်ကို စစ်ကောင်စီမှ ချိုးဖောက်ပြီး တအောင်းတပ်မတော်၏ ခံစစ်နယ်မြေကို ဇွန်လ (၁၈) ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း MNDAA အဖွဲ့မှ ဆိုသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တွင် ပါဝင်သည့် တအောင်းတပ်မတော်နှင့် စစ်ကောင်စီတို့အကြား ဇွန်လ (၂၅)ရက်နေ့မှ စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ စတင်တိုက်ခိုက်မှုကြောင့် လားရှိုးမြို့အနီးတွင် MNDAA အဖွဲ့နှင့် စစ်ကောင်စီတို့ စစ်ရေး ပြန်လည်တင်းမာနေခြင်းဖြစ်သည်။

#TachileikNewsAgency