ဒေါနတောင်ခြေတွင် စစ်တပ်၏ သံချပ်ကာကားနှင့် လက်နက်တပ်ဆင်ထားသည့် မော်တော်ယာဉ်တချို့ကို တော်လှန်ရေးအဖွဲ့တွေ ဖျက်ဆီးနိုင်ခဲ့

ဒေါနတောင်ခြေတွင် စစ်တပ်၏ သံချပ်ကာကားနှင့် လက်နက်တပ်ဆင်ထားသည့် မော်တော်ယာဉ်တချို့ကို တော်လှန်ရေးအဖွဲ့တွေ ဖျက်ဆီးနိုင်ခဲ့

စစ်ကောင်စီမှ အောင်ဇေယျ စစ်ဆင်ရေး အမည်ဖြင့် မြဝတီသို့ စစ်ကူပေးရန်စေလွှတ်လိုက်သော စစ်ကူတပ်ဖွဲ့မှ သံချပ်ကာကားနှင့် လက်နက်တပ်ဆင်ထားသည့် မော်တော်ယာဉ်တချို့ကို ဖျက်ဆီးနိုင်ခဲ့သည့်ပုံရိပ်များကို Cobra Column တပ်ခွဲ-(၄)မှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။

ဖျက်ဆီးခံထားရသည့် စစ်ကောင်စီ သံချပ်ကာယာဉ်မှာ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် BDRM-2MS သံချပ်ကာ ကင်းထောက်ယာဉ်အမျိုးအစားဖြစ်ပြီး ၊ မြန်မာပြည်တွင် ပထမဆုံးအကြိမ်အဖြစ် တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်လက်နက်ပစ္စည်း လေ့လာသုံးသပ်သူတစ်ဦးထံမှ သိရသည်။

လက်နက်တပ်ဆင်ထားသည့် ယာဉ်များမှာ ပွိုင့်ဖိုက်စက်သေနတ်တပ်ဆင်ထားသည့် အင်းလေး ဂျစ်ကားတစ်စီး ၊ လေယာဉ်ပစ် စက်သေနတ်ကြီးဖြစ်သည့် တရုတ်လုပ် QJG 02 14.5 mm တပ်ဆင်ထားသည့် Double Cab တစ်စီးတို့ ဖြစ်ကြောင်းသိရသည်။

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားကြောင်း KNU ဗဟိုက ဧပြီလ ၁၈ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာကျော် ထိခိုက်သေဆုံးခဲ့ပြီး သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ကို ဖျက်ဆီးနိုင်ခဲ့ကာ ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဖက် တောင်ချေ တွင်သာ ရပ်တန့်နေခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြဝတီမြို့သို့ စစ်ကူပေးလာသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံမှသိရသည်။

#TachileikNewsAgency