ရွှေဘို မြင်းချင်းရွာ ပျူစောထီးစခန်းကို PDFတပ်များ သိမ်းပိုက် ၊ လက်နက်ခဲယမ်းများအပြင် ပျူစောထီးနှင့် မိသားစုဝင် ၅၀ကျော်ကို ဖမ်းဆီးရမိ

ရွှေဘို မြင်းချင်းရွာ ပျူစောထီးစခန်းကို PDFတပ်များ သိမ်းပိုက် ၊ လက်နက်ခဲယမ်းများအပြင် ပျူစောထီးနှင့် မိသားစုဝင် ၅၀ကျော်ကို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းချင်းရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများအပြင် ပျူစောထီးများနှင့် မိသားစုဝင် (၅၀)ဦးကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်(၅၀)ဦးကျော်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ပျူစောထီးတစ်ဦးကို အသေဖမ်းဆီးရမိခဲ့ကာ အချို့မှာ ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

"တိုက်ပွဲကို လေကြောင်းပစ်ကူမလာပါဘူး။ အနီးဝန်းကျင်က ပျူရွာတွေကတော့ လက်နက်ကြီးပစ်ကူတွေတော့ ဝိုင်းပစ်ခဲ့ကြပါတယ်။

ပျူတွေကို ဘယ်လိုစီမံထားလဲနဲ့ လက်နက်ခဲယမ်းဖမ်းဆီးရမိမှုကို ဗျူဟာက မထုတ်ပြန်သေးလို့ ပြောခွင့်မရှိသေးပါဘူးခင်ဗျာ။"ဟု ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း နယ်စည်းမခြားတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ် လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ပျူစောထီးများ၏ နေအိမ်(၁၆၀)ကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဝါဒဖြန့်နေပြီး ပျူစောထီးခေါင်းဆောင် နေအိမ်တချို့ကိုသာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း နယ်စည်းမခြားတော်လှန်ရေးအင်အားစုက ဆိုသည်။

"ပျူစောထီးရွာ ဖြစ်တဲ့အပြင် အနီးပတ်ဝန်းကျင် ပြည်သူတွေကို အစဉ်အမြဲ ဒုက္ခပေးနေသလို တစ်ခါတစ်ရံ ဓားပြပါတိုက်နေတဲ့ ရွာဖြစ်လို့ နယ်မြေခံပြည်သူအများစု သိကြပါတယ်။ ဒါကြောင့်မို့ ပျူစောထီး ခေါင်းဆောင်ပိုင်း လူအချို့ရဲ့အိမ်တွေကို မီးရှို့ရှင်းလင်းခဲ့တာရှိပါတယ်။"ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ ပျူစောထီးစခန်းကို ယမန်နေ့ နံနက်(၃)နာရီကျော်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘိုခရိုင်တပ်ရင်း (၁၈)၊ (၁၇)၊(၁၅)၊ (၂၆)တို့က တိုက်ခဲ့ရာ တိုက်ပွဲမှာ (၂)နာရီခွဲဝန်းကျင်ကြာမြင့်ခဲ့ပြီးနောက် စခန်းအား သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency