ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများအား စစ်ကောင်စီဒေါက်တိုင်များနှင့် တန်းတူထား၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။
အုတ်ဖိုမြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ စစ်တပ် ၊ ရဲနှင့် ပျူစောထီးများအား ဆက်ကြေးပေးကာ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြပြီး ၎င်းတို့ ရောင်းချသည့် မူးယစ်ဆေးဝါးများအား ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များကြား၌ပင် တွင်ကျယ်စွာ အသုံးပြုလာနေကြသဖြင့် အရေးယူရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးသည် လူမှုစီးပွားများ ပျက်စီးကာ လူညွန့်တုံးနိုင်သည့် အန္တရာယ်ရှိသည့်အတွက် တပ်ဖွဲ့ဝင်များအားလည်း မူးယစ်ဆေးဝါးသုံးစွဲမှုကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး သုံးစွဲပါက ကြီးလေးသည့် ပြစ်ဒဏ်များဖြင့် အပြစ်ပေး အရေးယူသွားမည်ဟု အသိပေးထားကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ဆိုသည်။
ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေါက်တိုင်များကိုသာ အရေးယူခဲ့သော်လည်း ယခုအခါ ပြည်သူများမှ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများအား အရေးယူပေးရန် တိုင်ကြားမှုများကို အလေးထား၍ အုတ်ဖိုမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချနေသူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ ပြည်သူများအနေဖြင့်လည်း ၎င်းတို့အနီး သွားလာနေထိုင်ခြင်းမပြုကြရန် မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက အသိပေးထားသည်။
#TachileikNewsAgency