ထိုင်းဘက်ရောက် စစ်ဘေးရှောင် ၂၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီများ ပေးပို့လှူဒါန်းနိုင်

ထိုင်းဘက်ရောက် စစ်ဘေးရှောင် ၂၅၀၀ ကျော်အတွက် အရေးပေါ်အကူအညီများ ပေးပို့လှူဒါန်းနိုင်
ဒီဇင်ဘာ 17, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ်တွင်း KNU နယ်မြေကို နယ်ကျော်တိုက်ခိုက်မှုများကြောင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရှောင်ရန် ထိုင်းနိုင်ငံဘက် ထွက်ပြေးနေသည့် စစ်ရှောင်အရေအတွက်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့ နေ့လယ်ပိုင်းအထိ (၂၅၀၃) ဦးရှိနေပြီး စားနပ်ရိက္ခာနှင့် အရေးပေါ်သုံးပစ္စည်းများ အကူအညီလိုနေသည်ဟု သိရသည်။

 

ထိုင်းဘက်ခြမ်းရောက်နေသည့် စစ်ဘေးရှောင်များတွင် နို့စို့အရွယ်ကလေးအပါအဝင် အရွယ်မရောက်သေးသူ (၅၄၅) ဦးနှင့် အမျိုးသမီး (၉၈၄)ဦး ပါဝင်ကြောင်း သိရသည်။

စစ်ဘေးရှောင်များအတွက် ကူညီလိုပါက စောင်၊ ခြင်ထောင်၊ အနွေးထည်၊ ဖျာ၊ အခင်းများ၊ မိုးကာတာလပတ်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ရေခွက်ရေပုံးများ၊ ကော်ဇလားများ၊ ကော်ပန်းကန်ပြားများ၊ ကော်ဇလုံများ၊ အဝတ်အထည်များ၊ အရေးပေါ် စားနပ်ရိက္ခာများ၊ ကလေးများအတွက် နို့မှုန့်၊ မုန့်၊ အနွေးထည်များနှင့် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများကဲ့သို့ အမျိုးသမီးအသုံးအဆောင်များကို ထိုင်းနိုင်ငံတွင်းရှိ AAC အဖွဲ့များထံမှတစ်ဆင့်လည်း ဆက်သွယ်ပေးပို့နိုင်ကြကြောင်း သိရသည်။

စစ်ရှောင်များအတွက် အကူအညီပစ္စည်းများပေးပို့လိုပါက AAC ၏ ဖုန်းနံပါတ်များဖြစ်ကြသည့် (ထိုင်းဖုန်း )0853415611၊ 0649129190၊ 0990577498၊ 0948879992 နှင့် 0661593331 တို့သို့ ဆက်သွယ်နိုင်ပြီး AAC က စစ်ရှောင်များထံ နေ့စဉ်ပို့ပေးသွားမည်ဟု သိရသည်။

ထိုင်းဘက်ရောက် စစ်ဘေးရှောင်များအတွက် ထိုင်းအစိုးရဘက်ကလည်း လူသားချင်းစာနာမှုအကူအညီများ ပံ့ပိုးပေးထားပြီး  လက်လှမ်းမီရာအဖွဲ့များကလည်း စစ်ဘေးရှောင်များအတွက် အကူအညီရရှိနိုင်ရေး ကြိုးစားနေကြသည်ကို တွေ့ရသည်။