မတ္တရာမြို့နယ်ရှိ Local PDF ၁၈ ဖွဲ့  NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း

မတ္တရာမြို့နယ်ရှိ Local PDF ၁၈ ဖွဲ့  NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း
စက်တင်ဘာ 6, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့(၁၈)ဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မတ္တရာမြို့နယ် ပကဖအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ယခု မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့က ပကဖ အဖြစ်မှ နှုတ်ထွက်ခဲ့ပြီးနောက် မတ္တရာမြို့နယ် ပကဖကို အသစ် ပြန်လည်ဖွဲ့စည်းခဲ့ရာ အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ (၁၈)ဖွဲ့ ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက မတ္တရာမြို့နယ်မှာ မတ္တရာမြို့နယ် Local PDF တွေဆိုပြီး အခုလက်ရှိ(၁၈)ဖွဲ့ပေါ့နော် လှုပ်ရှားနေတာရှိတယ်ဗျ။ အခုမြို့နယ် ပကဖ အသစ်ပြန်လည်ဖွဲ့စည်းပြီးတဲ့အချိန်မှာ ကျွန်တော်တို့ စည်းရုံးနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ Local လှုပ်ရှားနေတဲ့ LPDF တွေကနေ MoD ရဲ့ CoC အောက်ကိုရောက် သွားတာပေါ့နော်။ မတ္တရာမြို့နယ်ရဲ့ CoC အောက်ကနေပြီးတော့ ဆက်လက်ပြီး စစ်ရေးတွေ လှုပ်ရှားသွားမှာဖြစ်ပါတယ်။”ဟု မတ္တရာမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့(၁၈)ဖွဲ့မှာ ကောင်းကင်တော်လှန်ရေးအင်အားစု၊ မြေခွေးတပ်ဖွဲ့၊ ဒေါင်းစစ်သည်တပ်ဖွဲ့၊ တိုက်သိမ်းမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ နဂါးညီနောင်တပ်ဖွဲ့၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ မဟာတပ်ဖွဲ့၊ ဇာမဏီတပ်ဖွဲ့၊ ယက္ခညီနောင်တပ်ဖွဲ့၊ မိုးမခတပ်ဖွဲ့၊ နဂါးနီတပ်ဖွဲ့၊ ဂဠုန်မင်းတပ်ဖွဲ့၊ တောကျီးကန်တပ်ဖွဲ့၊ ADRFတပ်ဖွဲ့၊ ဒေါင်းစစ်သည်တပ်ဖွဲ့ နှင့် ABRF တပ်ဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။ 

မတ္တရာမျိုးမှန်တပ်ဖွဲ့သည်လည်း မတ္တရာမြို့နယ် ပကဖအဖြစ်မှ နှုတ်ထွက်ခဲ့သော်လည်း MoD လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ CoC နှင့်ချိတ်ဆက်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လမ်းစဉ်၊ စစ်ရေးမျှော်မှန်းချက်၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာကာ ပူးပေါင်းသွားမည်ဟု ဆိုသည်။

#TachileikNewsAgency