ပေါက်ခေါင်းမြို့နယ် ဘော်ဒါအုပ်စုမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးအား PDF ပစ်ခတ်ရှင်းလင်း

ပေါက်ခေါင်းမြို့နယ် ဘော်ဒါအုပ်စုမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးအား PDF ပစ်ခတ်ရှင်းလင်း
စက်တင်ဘာ 4, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ဘော်ဒါအုပ်စုမှ စစ်ပင်စင်စား ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပေါက်ခေါင်းမြို့နယ် ဘော်ဒါအုပ်စုမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ဝင်းအား စက်တင်ဘာလ (၂) ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြည်-တောင်ငူလမ်း ရဲကင်းအနီးတွင် သွားရောက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်း၊ တိမ်းရှောင်နေသူများအား သတင်းပေးခြင်း၊ ပျူစောထီး သင်တန်းပေးခြင်းနှင့် မတရားငွေညှစ် တောင်းခံခြင်းများ လုပ်ဆောင်နေသည့်အတွက် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း PPDF - ၃၆၀၁ တပ်ရင်းက ဆိုသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုအား ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်း တပ်ခွဲ ( ၄ ) ၊ တပ်ခွဲ ( ၅ ) နှင့် ရွှေတောင် (ပ.က.ဖ)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ခရိုင်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် အရေးယူခြင်းမခံရစေရန် အချိန်မှီနှုတ်ထွက်ကြရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းက အသိပေးထားသည်။

#TachileikNewsAgency