လားရှိုးတွင်တိုက်ပွဲပြန်ဖြစ်ပြီး ရပ်ကွက် ၉ သို့လက်နက်ကြီးကျကာ အရပ်သားများ ထိခိုက်သေဆုံး 

လားရှိုးတွင်တိုက်ပွဲပြန်ဖြစ်ပြီး ရပ်ကွက် ၉ သို့လက်နက်ကြီးကျကာ အရပ်သားများ ထိခိုက်သေဆုံး 
ဇူလိုင် 10, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၉)အတွင်းသို့ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၀)ရက်နေ့တွင် လက်နက်ကြီးကျည်ကျပြီး ကလေးတစ်ဦးအပါအဝင် (၃)ဦး သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။

လားရှိုးမြို့တွင် ဇူလိုင်လ (၉)ရက်နေ့က တိုက်ပွဲများ အနည်းငယ်ငြိမ်သွားပြီးနောက် ယနေ့နံနက်ပိုင်းကစတင်ကာ တိုက်ပွဲများ ပြန်လည်ပြင်းထန်လာပြီး လားရှိုးမြို့ ရပ်ကွက်(၉) နယ်မြေ(၃) ဘူတာရုံသံလမ်းဘေးသို့ လက်နက်ကြီးကျကာ အမျိုးသမီး(၂)ဦးနှင့် ကလေးတစ်ဦးတို့ သေဆုံးပြီး (၁၀)ဦး ဒဏ်ရာရသည်ဟု သိရသည်။

“သေဆုံးသူတွေကိုနဲ့ ဒဏ်ရာရသူတွေကိုတော့ ပရဟိတအသင်းက ခေါ်သွားပြီ။ အခြေအနေတွေကမကောင်း ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

 

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို MNDAAက ဇူလိုင်လ (၃)ရက်မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်နက်ကြီးများ လားရှိုးမြို့တွင်းသို့ ကျရောက်ပြီး ဒေသခံများ ထိခိုက်သေဆုံးသူများခဲ့သည်။

လက်နက်ကြီးကျခြင်းကြောင့် ဒေသခံအများအပြားလည်း လားရှိုးမြို့တွင်းမှ တိမ်းရှောင်သွားကြပြီဖြစ်ပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:ပေးသောလက် ပရဟိတ အသင်း