မုံရွာမြို့အဝင်တွင် စစ်ကောင်စီတပ်ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်

မုံရွာမြို့အဝင်တွင် စစ်ကောင်စီတပ်ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို မုံရွာမြို့အဝင် မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ကြောင်း Peace Takers Task Force–PTTF မှ ၂၀၂၄ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့မှ ဒုတိယအသုတ်ထွက်လာသည့် စစ်ကောင်စီတပ်၏ ကား (၁၅)စီးပါ ယာဉ်တန်းကို ဇွန်လ (၁) ရက်နေ့ နေ့လယ် (၂) နာရီခွဲခန့်တွင် မုံရွာမြို့အဝင် မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာ (၅)လုံးပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း PTTF အဖွဲ့မှ သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ မိုးကာအုပ် (၆)ဘီးကားအား ထိမိစွာတိုက်ခိုက်နိုင်ခဲ့ပြီး ကားမှာထိုးရပ်သွားကာ ယာဉ်ပေါ်တွင်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း PTTF အဖွဲ့မှ ဆိုသည်။

အဆိုပါကားသည် အချိန်အတော်ကြာသည်အထိ ထွက်ခွာနိုင်ခြင်းမရှိဘဲ မုံရွာမြို့ဝင် မအူဂိတ်တွင်လည်း လမ်းသွားလမ်းလာများကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ထားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ (၄၀)မမများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဘေးကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Peace Takers Task Force – PTTF နှင့် The Brightness Monywa အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း ၊ မိုင်းဆွဲခြင်းများပြုလုပ်လျှက်ရှိကာ ပြီးခဲ့သည့် မေလအတွင်း ချောင်းဦး-မုံရွာလမ်းပိုင်းတွင် အဖွဲ့အစုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (၇)ကြိမ် တိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency