ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ မြို့နယ်ရုံးအဖွဲ့နှင့် မီတာဖတ်သူများက ဒေသခံများအပေါ် လျှပ်စစ်မီတာခ ကောက်ခံမှုများကို စနစ်တကျ လုပ်ဆောင်ခြင်းမရှိဘဲ ဘောင်ချာမပြနိုင်ပါ မီတာခ ထပ်မံကောက်ခံခြင်းအပြင် မီတာများကို လစဉ်လာရောက် ဖတ်ခြင်းမရှိဘဲ ရက်လွန်ကြေးရလို၍ ထင်တိုင်ကြဲ လုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။
"ကျိုင်းတုံမြို့မှာ မီတာခကို လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်ရဲ့ မီတာခကို ဒီနှစ် ၂၀၂၅မှာ အကြွေးစနစ်နဲ့ ကောက်နေကြတယ်။ နောက်ပြီး သူတို့က မီတာကို လစဉ် လာမဖတ်ဘဲနဲ့ (၃)(၄)လမှ တခါလာပြီး မီတာလာဖတ်တယ်။ အဲ့လို သူတို့ဘက်က နောက်ကျမှ မီတာလာဖတ်ပြီး မီတာခ ကောက်တော့လည်း ရက်လွန်ကြေးပါ ထည့်တွက်ပြီး ကောက်နေပါတယ်"ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။
ကျိုင်းတုံလျှပ်စစ်အဖွဲ့က လျှပ်စစ်မီးအသုံးပြုသူများကို လေးစားမှုမရှိဘဲ မီတာဖတ်ခြင်းများကို လစဉ်မဟုတ်ဘဲ အနည်းဆုံး (၂)လ (၃)လပေါင်းပြီးမှ လာဖတ်သည်များရှိသည့်အတွက် မီတာခပေးဆောင်ရသူများမှာ ထွက်ငွေ ပိုမိုသိသာစေပြီး ယခုလို လုပ်ဆောင်ခြင်းသည် ဒေသခံ ပြည်သူအပေါ် မလေးစားသလို ဌာနအလုပ်ကိုလည်း မလေးစားခြင်းဖြစ်သည်ဟု ဆိုသည်။
"ကျိုင်းတုံလျှပ်စစ်အဖွဲ့က ဒေသခံတွေအပေါ် လုပ်ချင်တိုင်း လုပ်နေတာကြာပြီဗျ။ သူတို့က လစဉ် မီတာ လာဖတ်တာ မဟုတ်ဘူး။ လာဖတ်ချင်တဲ့လမှ လာဖတ်ပြီး အကြွေးစာရင်းအနေနဲ့ရော ရက်လွန်ကြေးပါ ထည့်ကောက်တယ်။ သူတို့ လာဖတ်ချင်တဲ့အခါမှ လာဖတ်တော့ တချို့ဆိုဗျာ မီတာခ အကြွေးအနေနဲ့ ကျပ်(၄)သိန်းကနေ (၅)သိန်းအထိ ဖြစ်သွားတယ်။ သူတို့သာ တလေးတစားနဲ့ လစဉ် မီတာလဖတ်ရင် ပြည်သူတွေလည်း အထိမနာသလို ဘာမှမဆိုင်တဲ့ ရက်လွန်ကြေးလည်း ပေးစရာမလိုဘူးပေါ့။ အခုတော့ သူတို့ဘာသာ မီတာပုံမှန် လာမဖတ်တာကို ရက်လွန်ကြေး သက်သက်ကောက်တာ"ဟု ဒေသခံ အမျိုးသားတစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့တွင် ပြောသည်။
မီတာခပေးဆောင်ပြီးသူများအနေဖြင့် ဖြတ်ပိုင်းများကို မဖြစ်မနေ သိမ်းထားသင့်ပြီး ၎င်းတို့ လာရောက် ကောက်ခံပါက မီတာဖြတ်ပိုင်း မပြနိုင်လျှင် ထပ်မံပေးဆောင်နေရကြောင်း သိရသည်။
"အခု ပိုဆိုးနေတာက မီတာခဆောင်ထားတဲ့ ဖြတ်ပိုင်း ကိစ္စပဲ။ လျှပ်စစ်ဌာန မီတာလာဖတ်တဲ့ ကောင်တွေက အတော်လုပ်စားနေကြတာ။ သူတို့က မီတာခ ဘယ်လောက်ကျတယ်ဆိုပြီး ဖြတ်ပိုင်းနဲ့လာတယ်။ အဲ့ဒါ ကျွန်မတို့ဘက်က ဆောင်ပြီးသားလို့ ဖြတ်ပိုင်းထုတ်ပြလိုက်မှ ဪ... မေ့နေလို့ ဆိုပြီး သူတို့ စာရင်းစာအုပ်ထဲ ပြန်မှတ်ပြီး လှည့်ပြန်သွားတယ်။ ဖြတ်ပိုင်းတာ မပြနိုင်ရင် ထပ်ပေးရမှာ"ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့နယ်အတွင်း လျှပ်စစ်အသုံးပြုသည့် ဒေသခံ ပြည်သူများအပေါ် ခေါင်းပုံဖြတ် မတရားလုပ်ဆောင်နေမှုများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူး သိရှိခြင်း ရှိ မရှိမသိရသော်လည်း ရုံးဝန်ထမ်းများနှင့် မီတာဖတ်သူများက ထင်တိုင်းကြဲနေခြင်းဖြစ်ကြောင်း ဆိုသည်။
"မီတာခဆိုပြီး (၂)လ(၃)လစာ ဘောင်ချာနဲ့ လာပေးတယ်။ ဘောက်ချာဟောင်း မသိမ်းထားနိုင်ရင် သူတို့ပြောတဲ့အတိုင်း ဆောင်ရပြီ။ ဘောက်ချာသိမ်းထားပြီး ပြန်ပြနိုင်မှ နှစ်ခါမဆောင်ရတာ။ ဆောင်ပြီးသား မပြနိုင်ရင် ပေးရတယ်။တကယ်တော့ သူတို့ဆီမှာ လက်ခံရှိရဲ့သားနဲ့ ရုံးက စာရေးမတွေနဲ့ မီတာဖတ်တဲ့ ကောင်တွေပေါင်းပြီး လုပ်စားနေကြတာ ရုံးသွားရင်လည်း ထမင်းစားချိန်ဆို လူတွေတန်းစီ စောင့်နေရတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယခုလို လုပ်ဆောင်နေမှုများကို ထိရောက်စွာအရေးယူပေးသင့်ကြောင်း ဒေသခံများက တိုက်တွန်းထားသည်။
"ဒီကိစ္စက အတော်လေးကို ဆိုးရွားနေတယ်။ လျှပ်စစ်သုံးစွဲသူ ဒေသခံတွေ မတရား နစ်နာနေပါတယ်။ အဓိက တာဝန်ရှိတဲ့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနဲ့ ရုံးကစာရေးမတွေကိုရော မီတာဖတ်သူတွေကိုရော ထိထိရောက်ရောက် အရေးယူပေးစေလိုပါတဘ်။ ကျိုင်းတုံကလူတွေ ခံနေရတာ အတော်ကြာနေပြီ။"ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။