ပြန်ဝန်ဟောင်း ဦးရဲထွဋ်က အဖမ်းမခံရကြောင်း လူမှုကွန်ယက်မှ အသိပေး

ပြန်ဝန်ဟောင်း ဦးရဲထွဋ်က အဖမ်းမခံရကြောင်း လူမှုကွန်ယက်မှ အသိပေး
နိုဝင်ဘာ 10, 2021 | အခြားဒေသများ

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား စောင်းမြောင်းရေးသားသည်ဟု စာဖတ်သူများက ယူဆထားကြသည့် ဘောင်းဘီပြင်သည် "အလီ" စာစုကို လူမှုကွန်ယက်တွင် ရေးသားခဲ့သည့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်အား ယနေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် အာဏာသိမ်းအဖွဲ့က ခေါ်သွားသည်ဟု သတင်းများထွက်လာပြီးနောက် နံနက် (၁၀)နာရီဝန်းကျင်တွင် မိမိဘာမှမဖြစ်ကြောင်း လူမှုကွန်ယက်၌ ရေးသားလာသည်ကို တွေ့ရသည်။

"မနက်ခြောက်နာရီခွဲထပြီး လမ်းလျှောက်တယ်။ ပြန်ရောက်တော့ သတင်းလူသားဖြစ်နေပါလား။ ဆရာမင်းသိင်္ခစကားငှားသုံးရရင် "ဘာဘာ ဘာမှ မဖြစ်ဘူး။"ဟု ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားလာသည်ကို တွေ့ရခြင်းဖြစ်သည်။

 ဦးရဲထွဋ်က ယမန်နေ့ နိုဝင်ဘာလ (၉) ရက်နေ့က ဘောင်းဘီပြင်သည်  “အလီ”ဆိုသည့် စာစုကို လူမှုကွန်ယက်တွင် ရေးသားရာ၌ "ဒါ့အပြင်  ကိုယ်အခြေအနေ ကိုယ်မသိတဲ့ သူ၊ လောဘတက်ပြီး မဆန့်အင်တန် ဝတ်နေတယ် ဆိုပြီးတောင် အထင်သေးခံရ နိုင်တယ်။  ဒီတော့ အခြေအနေ မှန်ကို သိ၊   ငါနဲ့ မတော် တော့ဘူး၊ မတန် တော့ဘူး ဆိုတာကိုလက်ခံပြီး ပြင်လို့ရရင် ပြင်၊  ပြင်လို့မရတော့ဘူးဆိုရင် တော်တဲ့ ၊ တန်တဲ့ သူကို ပေးလိုက်တာပဲ ကောင်းပါတယ်။ " ဟုရေးသားထားသည့် စာပိုဒ်မှာ လက်ရှိအာဏာသိမ်းခေါင်းဆောင်ကို ပြောခြင်းဖြစ်သည်ဟု စာဖတ်သူများက ယူဆကာ ပြန်လည်မျှဝေသူအများအပြား ရှိခဲ့ခြင်းဖြစ်သည်။