BGF က ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းများကို ဝင်စီး  

BGF က ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းများကို ဝင်စီး  

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဌာချုပ် ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းများအား ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် စတင်နေပြီဟု BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က ပြောသည်။

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းများကို BGF အနေဖြင့် အစီအစဉ်(၃)ခုဖြင့် ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ပြီး ပထမဆုံး အနေဖြင့် လူမှောင်ခိုကူးခံရသူများအား နေရပ်ပြန်လိုသူများကို ဦးစားပေးပြီး ဖော်ထုတ်သွားမည်ဟု ဆိုသည်။

“အဓိက‌တော့ တစ်ခန်းဝင်၊ တစ်ခန်းထွက် လူတွေပိတ်လှောင်ထားခြင်း ရှိ၊ မရှိ။ တချို့တွေကလည်း နေရပ်ကို ပြန်ချင်တယ်။ တချို့တွေကလည်း အကြွေးတွေရှိတယ်။ အဲဒါတွေကတော့ ကျွန်တော်တို့နားမလည်ဘူး။ ကျွန်တော်တို့ သိတာက ပြန်ပို့ဖို့ပဲ။”ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို ယနေ့တွင် ပြောသည်။

BGF အနေဖြင့် လူမှောင်ခိုကူးခံရသည့်သူများအား နေရပ်ပြန်လိုသူများကို နံပါတ်တစ် ဦးစားပေး အစီအစဉ်၊ နံပါတ်နှစ်အစီအစဉ်တွင် အွန်လိုင်းလိမ်လည်လုပ်ငန်းများကို ဖျက်သိမ်းခြင်းနှင့် အဆိုပါလုပ်ငန်းမှ လူများအား သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့ခြင်းနှင့် တတိယအဆင့်တွင် အွန်လိုင်းလိမ်လည်မှု၌ ပါဝင်နေသည့်  ကွန်ပျူတာဆက်စပ်ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)က ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီးနောက် မြဝတီဒေသရှိ လုပ်ငန်းများအားလုံးကို ဝင်ရောက်စီးနေခြင်းဖြစ်သည်။ 

BGF အနေဖြင့် ကျားဖြန့်နှိမ်နင်းရေးအတွက် အဖွဲ့(၃)ဖွဲ့နှင့် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေးအဖွဲ့တို့ကို ဖွဲ့ စည်းလိုက်ကာ ထိုင်းနိုင်ငံနှင့်လည်း ညှိနှိုင်းနေသည့်အပြင် အဓိကကျသည့် ငွေလိမ်ဂိုဏ်းများ၊ လူမှောင်ခိုလုပ်သည့်နေရာများကို ဝင်စီးမည်ဖြစ်ပြီး နယ်စပ်တလျောက်ကိုလည်း လုံခြုံတင်းကြပ်မည်ဟုလည်း ဆိုထားသည်။ 

မြန်မာ - ထိုင်းနယ်စပ်ဒေသတလျှောက် လျှပ်စစ်မီး နှင့် စက်သုံးဆီ ပြန်လည်ရရှိရေးအတွက် BGF နှင့် DKBA တို့သည် ကျားဖြန့်လုပ်ငန်းများကို ဝင်ရောက်စီးနင်းဖမ်းဆီးခြင်းများ လုပ်ဆောင်နေကာ တာချီလိတ်တွင်လည်း စစ်ကောင်စီ အလုံးစုံအုပ်ချုပ်ရာ ဒေသဖြစ်သည့်အတွက် စစ်တပ်နှင့်ရဲက အွန်လိုင်းလောင်းကစားများကို မဖမ်းမိက ရှောင်ထားနိုင်ရန် ကြိုတင်အသိပေးပြီးနောက် ဖေဖော်ဝါရီလ(၇)ရက်နေ့ကစပြီး ရှာဖွေသိမ်းဆည်းမှုများ လုပ်ဆောင်နေသည်။

#TachileikNewsAgency

Photo:วันนี้ที่แม่สอด อ.แม่สอด