စစ်ကောင်စီသည် မြေမြှုပ်မိုင်း ၅ မျိုးကို ဆက်လက်ထုတ်လုပ်၍ သုံးစွဲနေ

စစ်ကောင်စီသည် မြေမြှုပ်မိုင်း ၅ မျိုးကို ဆက်လက်ထုတ်လုပ်၍ သုံးစွဲနေ
ဖေဖော်ဝါရီ 26, 2025 | ဒေသဆိုင်ရာသတင်းများ

မိုင်းတားမြစ်ရေးပဋိညာဉ်ကို မြှင့်တင်သည့် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံမှ လူသတ်မြေမြှုပ်မိုင်း အနည်းဆုံး(၅)မျိုးကို ဆက်လက်ထုတ်လုပ် သုံးစွဲနေဆဲဖြစ်သည်ဟု မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့၏ နှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းအသုံးပြုမှု ပိုမိုများပြားလာခဲ့ပြီး MM1၊ MM2၊ MM3၊ MM5 နှင့် MM6 စသည့် မြေမြှုပ်မိုင်းများကို အသုံးပြုရန် ဆက်လက်ထုတ်နေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် မိုင်းတားဆီးပိတ်ပင်ရေး သဘောတူစာချုပ်တွင်ပါဝင်ရန် စိတ်ပါဝင်စားကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် စာချုပ်ကို မြှင့်တင်အားပေးသည့် နှစ်စဉ်ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သော်လည်း မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းများကို ဆက်လက်ထုတ်လုပ် သုံးစွဲနေဆဲဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် မိုင်းတားမြစ်ရေးပဋိညာဉ်ကို မြှင့်တင်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက ထောက်ခံမဲပေးခဲ့သော်လည်း စစ်ကောင်စီသည် လူသတ်မိုင်းကို ဆက်လက်အသုံးပြုနေဆဲဖြစ်သည်ဟု ဆိုသည်။

“မြေမြှုပ်မိုင်းအသုံးပြုမှုနဲ့ အခြားမိုင်းပစ္စည်းတွေ အသုံးပြုမှုဟာ ပြီးခဲ့တဲ့နှစ်မှာ သိသိသာသာ မြင့်မားလာတာတွေ့ရပြီး မြေမြှုပ်မိုင်းများရဲ့ အန္တရာယ်ရှိနေတဲ့ မြို့ပေါင်းဟာလည်းပဲ နိုင်ငံမှာရှိနေတဲ့ မြို့နယ်ပေါင်းရဲ့ ထက်ဝက်ကျော် ဖြစ်လာနေပါတယ်။”ဟု မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် လူသတ်မိုင်းများကို အကြိမ်ကြိမ် အသုံးပြုခဲ့ကာ မိုဘိုင်းလ်ဖုန်းတာဝါတိုင်များ၊ သံယံဇာတထုတ်ယူသည့်လုပ်ငန်းများနှင့် ဓါတ်ငွေ့ပိုက်လိုင်းများ ကဲ့သို့သော အခြေခံအဆောက်အအုံများအနီး မိုင်းအသုံးပြုမှုသည် ယခင်နှစ်များထက် အသုံးပြုမှု သိသိသာသာ တိုးလာသည်ဟု ဆိုသည်။ 

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော စစ်ကောင်စီထုတ် လူသတ်မိုင်းများသည် တစ်နိုင်ငံလုံးနီးပါးဖြစ်နေပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

မြေမြှုပ်မိုင်းအသုံးပြုမှုများပြားလာသည်နှင့်အမျှ ထိခိုက်သေဆုံး ဒဏ်ရာရများမှာလည်း သိသိသာသာပိုမိုများ ပြားလာသည်ကိုတွေ့ရကာ စစ်ကျန်လက်နက်ပစ္စည်းများ၏ အန္တရာယ်မှာလည်း ပိုမိုများပြားလာသည်ဟု ဆိုသည် ။

ကမ္ဘာနိုင်ငံအသီးသီး၌ မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူ အများဆုံးအဖြစ် စာရင်းဝင်လာခဲ့ပြီး ၂၀၂၄ခုနှစ်အတွက် စာရင်းကိုမူ ထုတ်ပြန်ခြင်းမရှိသေးပါ။  

၂၀၂၃ ခုနှစ်အတွင်း မိုင်း၊ ထပ်ဆင့်ပေါက်ကွဲပစ္စည်းများနှင့် စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရသူမှာ တစ်နေ့လျှင် အနည်းဆုံး (၃)ဦးအထိရှိခဲ့ပြီး ယင်းနှစ်အတွင်း (၁၀၀၃)ဦး ထိခိုက်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

သို့သော်လည်း အဆိုပါစာရင်းသည်ထက် မြေပြင်တွင် မိုင်းကြောင့် ထိခိုက်သေဆုံးရသူစာရင်းပိုများနိုင်သည်ဟုလည်း ပြောဆိုထားသည်။

#TachileikNewsAgency