ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် စစ်ဘေးရှောင်အရပ်သား (၃၅)ဦးထက်မနည်းနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်(၄)ဦးတို့ကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှု (၃)နှစ်ပြည့်ပြီဖြစ်ပြီး တရားမျှတမှုဖော်ဆောင်နိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကြိုးပမ်းနေသည်ဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ စက်ဆုတ်ရွံရှာဖွယ်ကောင်းသော လူမျိုးတုန်းသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို အားပေးထောက်ခံသော လုပ်ရပ်များအားရှောင်ကျဉ်၍ တားဆီးရန်နှင့် အကြမ်းဖက်တိုက်ခိုက်မှုပပျောက်ရေးအပါအဝင် လူ့အခွင့်အရေးစံနှုန်းများအား မြှင့်တင်ပေးနိုင်မည့် တရားမျှတမှုရရှိရေး၊ ပြန်လည်ကုစားမှုရရှိရေး လမ်းကြောင်းများကို ဖော်ဆောင်သွားရန်လိုသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများကို တိုက်တွန်းထားသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့က ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်အရပ်သား (၃၅)ဦးထက်မနည်းနှင့် နယ်ခြားစောင့်တပ် ၁၀၀၄ မှ တပ်သား (၄)ဦးတို့ကို စစ်ကောင်စီတပ်မ (၆၆) လက်အောက်ခံ၊ ဓနုအခြေစိုက် ခမရ(၁၀၈)တပ်ရင်းမှ သတ်ဖြတ်သွားခြင်းဖြစ်သည်။
စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသော ပြည်သူများအား လူမျိုးတုန်း သတ်ဖြတ်ရန်နှင့် နေ့စဉ်အသက်ရှင်နေထိုင်မှုဘဝ ခက်ခဲစေရန် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကို ယနေ့အထိပြုလုပ်နေသည်။
ထို့ကြောင့် မိုဆိုကျေးရွာဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရန်အတွက် စစ်ကောင်စီတပ်များ၏ စစ်ရေးလှုပ်ရှားမှုကိုစောင့်ကြည့်ရန်နှင့် ထိပ်တိုက်တွေ့ဆုံမှုများကိုရှောင်ရှားရန် တိုက်တွန်းထားသည်။
#TachileikNewsAgency
#TNA_MAT
Photo:မိုးဆိုရွာအနီးတွင် စစ်ကောင်စီတပ်က အရပ်သားများကို မီးရှို့သတ်ဖြတ်ခဲ့သည့်ပုံရိပ် (ပုံဟောင်း)