စစ်ကောင်စီ လုံခြုံရေးယူပေးထားသည့် မန္တလေး Mytel ရုံးချုပ်ကို PDFတပ်များ ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကောင်စီ လုံခြုံရေးယူပေးထားသည့် မန္တလေး Mytel ရုံးချုပ်ကို PDFတပ်များ ဒရုန်းဖြင့် တိုက်ခိုက်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်းနှင့် ၃၈ လမ်းကြားရှိ စစ်ကောင်စီ လုံခြုံရေးယူပေးထားသည့် Mytel ရုံးချုပ်အား ဝရဇိန် ဒုတိယအကြိမ်မြောက် အထူးစစ်ဆင်ရေးအဖြစ် ဒရုန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

မဟာအောင်မြေမြို့နယ် ၆၂ လမ်းနှင့် ၃၈ လမ်းကြားရှိ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ပြည်သူ့စစ်များ လုံခြုံရေးယူပေးထားသည့် Mytel ရုံးချုပ်အား ဇူလိုင်လ (၁၉) ရက်နေ့  နံနက်အစောပိုင်း (၄) နာရီခန့်တွင် နည်းပညာမြင့် ဒရုန်းဖြင့် ဗုံးသီးတစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ Mytel ရုံးရှေ့တွင် လုံခြုံရေးကင်းပုန်းယူထားသည့် ပြည်သူ့စစ် (၂)ဦး ထိခိုက်မှုရှိခဲ့သည်ဟု ကနဦးသတင်းရရှိထားပြီး နောက်ဆက်တွဲအဖြစ် စစ်ကောင်စီမှ မန္တလေးမြို့ထဲတွင် စစ်ဆေးမှုများ အများအပြားလုပ်ဆောင်နေကြောင်း သိရသည်။

တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များလည်း အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီဘက်မှ အခိုင်အမာ ခံစစ်ပြင်တပ်စွဲထားသည့် မန္တလေးမြို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဒုတိယအကြိမ်မြောက် ဝရဇိန် စစ်ဆင်ရေးဖော်ဆောင်ရသည့် ရည်ရွယ်ချက်မှာ မြို့သိမ်းတိုက်ပွဲများဆောင်ရွက်နေပြီဖြစ်သဖြင့် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်ကြောင်း အသိပေးလိုခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency