ရှမ်းမြောက်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီအတွက် တရုတ်၏ ကမကထပြုလုပ်ပေးသည့် ဟိုင်ဂင်ဆွေးနွေးပွဲ ရက်ပြောင်းသွားပြီဟု သတင်းထွက်

ရှမ်းမြောက်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီအတွက် တရုတ်၏ ကမကထပြုလုပ်ပေးသည့် ဟိုင်ဂင်ဆွေးနွေးပွဲ ရက်ပြောင်းသွားပြီဟု သတင်းထွက်
သြဂုတ် 1, 2024 | 2021 Military Coup

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရှုံးသွားသည့် စစ်ကောင်စီအတွက် ရှုံးနှိမ့်မှုကိုသက်သာစေရန် တရုတ်နိုင်ငံက ကမကထပြုလုပ်ပေးသည့် ဟိုင်ဂင်ဆွေးနွေးပွဲကို ရက်ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

၂၀၂၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့ကစတင်ကာ တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးနေသည့် ညီနောင်မဟာမိတ်(၃)ဖွဲ့၏ ဆွေးနွေးမှုရလဒ်အပေါ်မူတည်ပြီး ညီနောင်မဟာမိတ်တပ်များက စစ်ကောင်စီနှင့် ဆွေးနွေးခြင်း လုပ်၊ မလုပ်ကို ဆုံးဖြတ်မည်ဖြစ်ပြီး လက်ရှိအခြေအနေအရ သတ်မှတ်ထားသည့် ဩဂုတ်လ (၈)ရက်နေ့ကို ရက်ပြောင်းလိုက်ပြီဟု သတင်းအရင်းအမြစ်က ဆိုသည်။ 

“ဆွေးနွေးပွဲရက်ကို ရွှေ့ထားတယ်။ ဘယ်နေ့ပြန်စမယ်ဆိုတာကတော့ တက်ရောက်တဲ့နေ့မှ သိရပါ့မယ်ဗျ။ ဒီလထဲပဲ ရွှေ့လိုက်တာ။ ရက်တိကျတော့ မသိရဘူးဗျ။ ညီနောင်(၃)ဖွဲ့ရဲ့ ဆွေးနွေးမှု ရလဒ်အပေါ်မှာမူတည်လိမ့်မယ်။” ဟု သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

 

ဩဂုတ်လ (၈)ရက်နေ့မတိုင်ခင် ညီနောင်(၃)ဖွဲ့တို့ အကြိုဆွေးနွေးမှုများပြုလုပ်နေရာ တွေ့ဆုံဆွေးနွေးရန် တရုတ်နိုင်ငံအား အမြဲအကူအညီတောင်းလေ့ရှိသည့် စစ်ကောင်စီဘက်က ယခုတစ်ကြိမ်တွင် ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိဟုလည်း သိရသည်။

“ယမန်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲကို စကစ မသွားတဲ့အတွက် ရှမ်းမြောက် အထူးသဖြင့် လားရှိုး ရမခတိုင်းစစ်ဌာနချုပ်တိုက်ပွဲဟာ ထပ်မံပြင်းထန်လာဖို့ပဲရှိပါမယ်။”ဟုလည်း CDM ဗိုလ်ကြီး ဇင်ယော်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ယနေ့တွင်ရေးသားထားသည်။

စစ်ကောင်စီဘက်ကလည်း လာမည့်ကူမင်းဆွေးနွေးပွဲကို မတက်ရောက်ကြောင်း စစ်ကောင်စီလော်ဘီများဘက်က ပြောဆိုရေးသားနေကြပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မပြောဆိုနိုင်သေးကြောင်း သတင်းဌာနတချို့ကို ဖြေကြားထားသည်။ 

လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း စစ်ကောင်စီသည် ရှမ်းမြောက်တွင် စစ်ရှုံးနေပြီး မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် ပူးပေါင်းတပ်များက နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့တို့ကို အလုံးစုံသိမ်းပိုက်ထားကာ ကျောက်မဲနှင့် လားရှိုးမြို့တို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ကျောက်မဲမြို့ပေါ်ကို TNLA က ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် မြို့နှင့် (၂)မိုင်အကွာရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁)နှင့် ခြေမြန်တပ်ရင်း ခမရ(၅၀၁)၊ ခမရ(၅၀၂) တပ်စခန်းတို့ကို တိုက်ခိုက်နေသည်။

လားရှိုးမြို့တွင်လည်း တပ်ရင်းပေါင်း (၂၀)ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ်စခန်းများအား ကိုးကန့်တပ်ဖွဲ့(MNDAA) က ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လာရာ တပ်စခန်း(၈)ခုသာကျန်တော့ပြီး မြို့တွင်းရှိ ရပ်ကွက်(၁၂)ခုအနက် (၁၀)ခုဝန်းကျင်ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။ 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကို ၂၀၂၃ခုနှစ် အောက်တိုဘာ(၂၇)ရက်နေ့တွင်စတင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန်ပြင်းထန်လာချိန် တရုတ်နိုင်ငံက အပစ်ရပ်စေရေး နှစ်ဖက်ဆွေးနွေးရန် ကြားဝင်ပေးခဲ့သည်။ 

အဆိုပါကြားဝင်မှုဖြင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့တို့နှစ်ဖက် ကူမင်းမြို့ရှိ ဟိုင်ဂင်ဆွေးနွေးပွဲ (၃)ကြိမ်ပြုလုပ်ပြီး သဘောတူညီမှုရရှိခဲ့သည်။

အပစ်ရပ်ရန် လက်မှတ်ရေးထိုးသည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ရှမ်းမြောက်ရှိ မြို့ပေါင်း (၁၆)မြို့ နှင့် စစ်ကောင်စီတပ်စခန်းများစွာကို မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

ယာယီအပစ်ရပ်ပြီးနောက် (၄)ကြိမ်မြောက်တွေ့ဆုံခဲ့ကြပြီး (၅)ကြိမ်မြောက်ဆွေးနွေးမှုတွင် ဆွေးနွေးပွဲသည် ရလဒ်ကောင်းများ ထွက်ပေါ် လာခဲ့ခြင်းမရှိဘဲ အဆုံးသတ်ခဲ့သည်။

ယခု ၁၀၂၇ ဒုတိယပိုင်းတွင်လည်း (၆)ကြိမ်မြောက်ဆွေးနွေးရန် တရုတ်နိုင်ငံဘက်က ကမကထ ပြုလုပ်လာခြင်း ဖြစ်သည်။

#TachileikNewsAgency