တောင်ပိုင်းစစ်ဒေသအတွင်း စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၈ ဦး သေဆုံး

တောင်ပိုင်းစစ်ဒေသအတွင်း စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၈ ဦး သေဆုံး
နိုဝင်ဘာ 24, 2024 | 2021 Military Coup| အခြားဒေသများ

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း ၂၀၂၄ခုနှစ် တတိယပတ်အတွင်း  စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ (၈)ဦး သေဆုံးကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း တပတ်အတွင်း စစ်ကောင်စီမှ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းများ စုစုပေါင်း အကြိမ်ရေ (၄၀)ကျော် ပြုလုပ်ခဲ့ပြီး ဗုံးသီးအလုံးရေ (၁၀၀)ကျော်ဖြင့် ကြဲချတိုက်ခိုက်ခြင်းကြောင့် ပြည်သူ (၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ ပြည်သူ (၅၁)ဦးမှာ ဖမ်းဆီးခံထားရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တပတ်အတွင်း သေဆုံးခဲ့ရသည့် ပြည်သူ (၈)ဦးတွင် ဖြူးမြို့နယ် လိပ်ပေါရွာတွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိသဖြင့် သေဆုံးသူတဦးလည်း ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများသည် ၎င်းတို့ အထိနာသည်နှင့်အမျှ ပြည်သူများနေထိုင်ရာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ နေ့စဉ်ပြုလုပ်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် ဗုံးသီးကြဲချခြင်းများ လုပ်ဆောင်လျှက်ရှိသည်ဟု ဆိုသည်။

လက်ရှိ စစ်ကောင်စီ ဖမ်းဆီးခံရသည့် ပြည်သူတချို့အား ပါလာသည့် ပစ္စည်းများအား သိမ်းဆည်း၍ ခြိမ်းခြောက်ငွေညှစ်ကာ ပြန်လွှတ်ပေးသည်ဟု ပြောဆိုမှုများရှိသော်လည်း ၊ အများစုမှာ ပြန်မလွတ်သေးဘဲ အဓမ္မစစ်မှုထမ်းခိုင်းရန် ရည်ရွယ်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသ၏ စစ်ရေးလှုပ်ရှားသည့် နယ်မြေများထဲတွင် ပဲခူးတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်သည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ