ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှပြန်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်များကို ယနေ့ နိုဝင်ဘာလ(၁၁)ရက်နေ့၏ နေ့လည်ပိုင်းက ကြို့ကိုးပင်ရွာနှင့် ဝိုင်းရွာအကြား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးသွားပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Bago Region PDF က သတင်းထုတ်ပြန်ထားသည်။
ဒါ့အပြင် နိုဝင်ဘာ (၄)ရက်မှ (၇)ရက်အထိ တောင်ငူမြို့နယ်၊ မြာကျေးရွာတွင် စစ်ကောင်စီတပ်၏ ခလရ ၂၆ သံချပ်ကာ တပ်ရင်း၊ အမြောက်တပ်အင်အား(၇၀)ဦးကျော်နှင့် တောင်ငူခရိုင် PDF တပ် ရင်း ၃၅၀၁၊ တပ်ခွဲ ၃ ၊ ကျေးရွာကာကွယ်ရေး ပကဖတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ (၄)ရက်၊ (၅)ရက်နှင့် (၆)ရက်နေ့ ထိတွေ့တိုက်ပွဲများတွင် နှစ်ဖက် ထိခိုက်ကျဆုံး မရှိသော်လည်း စစ်ကောင်စီက မြာကျေးရွာရှိ ပြည်သူလူထုပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြကာ နိုဝင်ဘာ (၇)ရက်နေ့တွင် ကျောက်ပါးစပ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား(၃)ဦးသေပြီး (၅)ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် မန်ကျည်ပင်လယ်ကွင်းတွင် PDF တပ်ရင်း ၃၅၀၁၊ တပ် ခွဲ ၁ ၊ တပ်ခွဲ ၃ တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီတပ်သား(၄)ဦးသေပြီး (၇)ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏ MA3 ကျည်ဘောက်နှင့် ၅.၅၆ ကျည်(၂၇)တောင့် ၊ ဓား၊ ဦးထုပ်တို့အပြင် မြာကျေးရွာမှ မီးရှို့ဖျက်ဆီး၍ ယူဆောင်လာသော ပြည်သူပိုင်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။