ရခိုင်ပြည်နယ်တိုက်ပွဲ စစ်ကောင်စီ ဒုတပ်ရင်းမှူးပါ(၁၁)ဦးဖမ်းမိ၊ ၂၈ ဦးလက်နက်ချကာ တပ်စခန်း ၄၀ စွန့်ပစ်ထားခဲ့

ရခိုင်ပြည်နယ်တိုက်ပွဲ စစ်ကောင်စီ ဒုတပ်ရင်းမှူးပါ(၁၁)ဦးဖမ်းမိ၊ ၂၈ ဦးလက်နက်ချကာ တပ်စခန်း ၄၀ စွန့်ပစ်ထားခဲ့
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၁)ဦးဖမ်းမိကာ (၂၈)ဦး လက်နက်ချအညံ့ခံခဲ့ပြီး တပ်စခန်း (၄၀) နီးပါး စွန့်ပစ်ထားခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့က မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ(၂)ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ (၃၄၄)တပ်ရင်းမှ ဗိုလ်မှူး သန့်ဇင်ထွန်း (ဒု-ရင်းမှူး)၊  ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်(တပ်စုမှူး)တို့အပါအဝင် စုစုပေါင်း (၁၀)ဦးအား စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၀)ဦးကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချို့လည်းရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ ခလရ (၂၃၂)တပ်ရင်းနှင့် ဖြစ်ပွားခဲ့သော မောင်တောမြို့မြောက်ပိုင်း၊ သင်္ဘောလှရွာအနီးတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ဒုစစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် (၁၀)ဦးကျော်သေပြီး သုံ့ပန်းတစ်ဦး အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိထားသော စစ်ကောင်စီ၏ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင်များအားလုံးကို နိုင်ငံတကာစစ်သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားသည်ဟု ဆိုသည်။

ယမန်နေ့တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ ရဲဘော်(၆)ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် အပေါက်ဝမြို့နယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ အပေါက်ဝ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၂၂)ဦး AAထံ လက်နက်ချ အလင်းဝင်လာခဲ့ကာ အခြားသောနေရာ (၂)ခုမှလည်း ရဲ (၆)ဦး လက်နက်ချအလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၁၃)ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်းပေါင်း (၄၀)နီးပါးကို စွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်စခန်းများတွင် သွားရောက်ပူးပေါင်းသွားသည်ဟု သိရသည်။

စစ်ကောင်စီသည် တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်များတွင် AAနှင့် ဆက်စပ်ပတ်သက်သည်ဟူသော သံသယ၊ စွပ်စွဲချက်များဖြင့် အရပ်သားများအား ဖမ်းဆီးနေကြောင်း သိရသည်။

ယမန်နေ့က ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅)ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ယင်းနေ့တွင်ပင် သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄)ရက် နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : AA Info Desk