ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၂ (Shwe Nyar Myae)မှ ၂၀၂၄ခုနှစ် ဇွန်လ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အရှေ့ဘုန်းကန်ကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်းအား မေလ (၃၁) ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီး (၅)လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘန်ကာအနီး ကျရောက်ပေါက်ကွဲခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ကြောင်း Shwe Nyar Myae ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို Myaing Air Fighter PDF၊ မြိုင်ပကဖ၊ PKU N PDF နှင့် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၂ (Shwe Nyar Myae)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ (၂၆) ရက်နေ့ကလည်း ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၏ အနောက်ဘက်ရှိ ဖလံအိုကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီကင်းစခန်းအား ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  ၂ (Shwe Nyar Myae) ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကာ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး တိုက်ပွဲအတွင်း ကျည်ထိမှန် ကျဆုံးခဲ့ကြောင်းသိရသည်။

#TachileikNewsAgency