မကွေးတိုင်း ဆိပ်ဖြူမြို့ နှင့် မိုင် (၃၀)ဝန်းကျင်ဝေးသည့် ကင်းမွန်တောင်ရွာအတွင်းသို့ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျကာ အမွှာညီအစ်ကို ကလေးငယ် အပါအဝင် မိသားစုဝင် (၅)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဆိပ်ဖြူအခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ က (၁၀)မိုင်ဝန်းကျင်ဝေးသည့် ကင်းမွန်တောင် ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ညနေပိုင်းတွင် (၁၂၀)မမ ဖြင့် ပစ်ခတ်ခြင်းကြောင့် တစ်အိမ်တည်းတွင် ဝိုင်းဖွဲ့ထိုင်စကားပြောနေသူများ ထိခိုက်သေဆုံးရခြင်းဖြစ်သည်ဟု ဆိုသည်။
“အနီးနားမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိပါဘူးဗျ။ အကြောင်းမဲ့သက်သက် အရပ်သားပြည်သူတွေနေတဲ့ ကျေးရွာထဲကို ပစ်ခတ်လိုက်တာဗျ။ အရင်ကတော့ မရှိဖူးဘူးဗျ။ ထိခိုက်သေဆုံးသူတွေက ဒေသခံမိသားစု၀င် ဆွေမျိုးသားချင်းတွေပါဗျ။”ဟု ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆိပ်ဖြူမြို့နယ်သတင်းပြန်ကြားရေးတာ၀န်ခံက Tachileik News Agency ကို ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ပြောသည်။
စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးသည် ကင်းမွန်တောင်ရွာမှ ဒေါ်ရွှေကျင်၏ နေအိမ်ပေါ်ကျ ရောက်ပေါက်ကွဲကာ အသက်(၈၀)နှစ်အရွယ် ဒေါ်ရွှေကျင် နှင့် အသက်(၆၅)နှစ်အရွယ် ဦးမြင့်နိုင် အပါအဝင် အသက်(၅၅)နှစ်အရွယ် ဒေါ်သန်းနွဲ့ နှင့် အသက်(၅)နှစ်အရွယ်ရှိ အမွှာညီအစ်ကိုများဖြစ်သည့် မောင်သုခမင်း နှင့် မောင်သုခဝင်းတို့ သေဆုံးသည်ဟု သိရသည်။
အသက်(၄၀)နှစ်ရှိ မမြင့်မြင့်စိုး၊ အသက်(၂၅)နှစ်ရှိ မောင်ဖိုးပိန် နှင့် အသက်(၉)နှစ်ရှိ မဝိုင်းပြည့်ဖူး တို့မှာ ပြင်းထန်ဒဏ်ရာရပြီး ညပိုင်းအထိ စစ်ကောင်စီဘက်က ကပစ(၂၂)အနီးရှိရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။
“အခုလို အပြစ်မဲ့ အရပ်သား ပြည်သူတွေ သေဆုံးထိခိုက်ဒဏ်ရာရတဲ့အတွက် အများကြီး၀မ်းနည်းစိတ် မကောင်းဖြစ်ရပါတယ်။”ဟု သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများအပေါ် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၍ သတ်ဖြတ်နေခြင်းကြောင့် ပြည်သူများ လေယာဉ်သံ၊ လက်နက်ကြီးအသံကြားပါက ဗုံးခိုကျင်း(သိုမဟုတ်) နီးစပ်ရာအကာကွယ်ရှိရာတွင် နေထိုင်ကြရန်လည်း သတင်းပြန်ကြားရေးတာဝန် ခံက အသိပေးသည်။
"အမေအိုကြီးအိမ်ကို မရောက်တာကြာလို့ လင်မယားတွေ မြေးတွေနဲ့အလည်လာကြတာ။ တစ်ရွာတည်းပါပဲ။ မိသားစုတွေ ထိုင်စကားပြောနေကြတာကို လက်နက်ကြီးကျတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
မြန်မာနိုင်ငံအတွင်း ကာကွယ်ရေးပစ္စည်းစက်ရုံ နှင့် တပ်မတော်အကြီးစား စက်ရုံ အပါအဝင် စစ်ကောင်စီတပ်၏ လက်နက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံပေါင်း (၂၉)ရုံတွင် မကွေးတိုင်းအတွင်း ကပစ စက်ရုံ(၁၅)ခုတည်ဆောက် ထားသည်။
အကွေးတိုင်းအနီးက ရခိုင်ပြည်နယ် အမ်းမြို့ကို AA သိမ်းပြီးနောက် စစ်ကောင်စီတပ်သည် ကပစစက်ရုံများကို ကာကွယ်ရန် အင်အားတိုးချ၍ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က အင်အားတိုးချလာခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစတင်၍ ကပစ စက်ရုံများအနီးတွင် တိုက်ပွဲများဖြစ်လာသည်ဟုလည်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ ဖမ်းဆီး နှိမ်စက် ပစ်ခတ်သတ်ဖြစ်မှုများကြောင့် ပြည်သူ(၆,၂၀၇)ဦးကို သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်းက ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ရှုံးနေသည့် စစ်ကောင်စီသည် နိုင်ငံအနှံ့လေကြောင်း မှဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို နေ့စဉ်ပြုလုပ်နေ၍ အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုရှိနေဆဲ ဖြစ်သည်။