ကျောက်တော်တိုက်ပွဲအတွင်း ဗိုလ်မှူးချုပ် မင်းမင်းထွန်း အပါအဝင် ဗိုလ်မှူးချုပ် (၂)ဦးကို ရရှိထားကြောင်း ရက္ခိုင့်တပ်တော်က အတည်ပြု

ကျောက်တော်တိုက်ပွဲအတွင်း ဗိုလ်မှူးချုပ် မင်းမင်းထွန်း အပါအဝင် ဗိုလ်မှူးချုပ် (၂)ဦးကို ရရှိထားကြောင်း ရက္ခိုင့်တပ်တော်က အတည်ပြု

 ရခိုင်ပြည်နယ် ကျောက်တော်တိုက်ပွဲအတွင်း ဗိုလ်မှူးချုပ် မင်းမင်းထွန်း အပါအဝင် ဗိုလ်မှူးချုပ် (၂)ဦးကို ရရှိထားကြောင်း ရက္ခိုင့်တပ်တော်(AA) က ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် အတည်ပြုထားသည်။

"အဲဒီ ဗိုလ်မှူးချုပ်မင်းမင်းထွန်းနဲ့ ပတ်သက်တဲ့ အချက်အလက်နဲ့ ဖြစ်စဉ်တွေကို ကျွန်တော်တို့ဘက်က ထုတ်ပြန်ဖို့ရှိတယ်ဗျ။ ထုတ်ပြန်ချက်ထွက်တဲ့အထိ တချက်စောင့်လိုက်ပါ။ ဒီနေ့ညနေလောက် ထွက်လာမယ်လို့ ထင်တယ်။ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ နောက်တစ်ယောက်လည်း ရှိသေးတယ် ဗိုလ်မှူးချုပ်။ အဲဒီ စကခ (၉)က အကုန်လုံးပေါ့နော်။ အဲဒီဟာတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ဒီနေ့ညနေလောက်ဆို ထုတ်ပြန်ဖို့ရှိတယ်ဗျ။"ဟု ရက္ခိုင့်တပ်တော်( Arakan Army - AA )၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် ပြောသည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်း အပါအဝင် ဗိုလ်မှူးချုပ် (၂)ဦးကို အသေ သို့မဟုတ် အရှင်ဖမ်းဆီးရရှိခြင်းကို မသိရသေးဘဲ အသေးစိတ်အခြေအနေများကို  ရက္ခိုင့်တပ်တော်(AA)က တရားဝင်သတင်းထုတ်ပြန်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ် ကျောက်တော်တိုက်ပွဲအတွင်း  ဗိုလ်မှူးချုပ် မင်းမင်းထွန်း သေဆုံးသွားသည်ဟု အတည်မပြုနိုင်သေးသည့် သတင်းများထွက်ပေါ်နေခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် မင်းမင်းထွန်း သည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်  စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်၏ စစ်ဗျူဟာမှူးအဖြစ် ၂၀၂၁ခုနှစ် ဧပြီလကနေ  ၂၀၂၃ခုနှစ် ဧပြီလ(၈)ရက်နေ့အထိ တာဝန်ထမ်းဆောင်သွားခဲ့သူ ဖြစ်သည်။