မုံရွာထောင်တွင် ထောင်အာဏာပိုင်များက CDM လုပ်ထားသည့် နိုင်ငံရေးအကျဉ်းသားများအား Non CDM လုပ်ရန် ဖိအားပေးခြိမ်းခြောက်

မုံရွာထောင်တွင် ထောင်အာဏာပိုင်များက CDM လုပ်ထားသည့် နိုင်ငံရေးအကျဉ်းသားများအား Non CDM လုပ်ရန် ဖိအားပေးခြိမ်းခြောက်

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက CDM လုပ်ထားသည့် နိုင်ငံရေးအကျဉ်းသားများအား Non CDM လုပ်ရန် ဖိအားပေး လုပ်ဆောင်နေကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ထံမှ သိရသည်။

ထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို တာဝန်မှူးရုံးခန်းကို ခေါ်ယူ၍ ၎င်းတို့ ကိုယ်တိုင် ရေးသားထားသည့် "CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်‌ပေးရန် စသော အချက်များပါဝင်သည့် အသနားခံစာ"တွင် CDM နိုင်ငံရေးအကျဉ်းသားများအား လက်မှတ်ထိုးခိုင်းလျက်ရှိကြောင်း သိရသည်။

လက်မှတ်ထိုးခြင်းမရှိသည့် CDM နိုင်ငံရေးအကျဉ်းသားများကိုလည်း တာဝန်မှူးရုံးခန်းကို ခေါ်၍ အသနားခံစာတင်ပြလိုခြင်းမရှိကြောင်း ရေးသားထားသည့်စာတွင် ထောင်မှူး ဦးကျော်ဝင်းမှ လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

ထို့နောက် လက်မှတ်မထိုးသည့် နိုင်ကျဉ်းများကို မုံရွာထောင်မှူးကိုယ်တိုင် မိသားစုကို ငဲ့ကွက်ပြီး လက်မှတ်ထိုးပေးရန် ထပ်မံ ဖိအားပေးခဲ့ကြောင်း သိရသည်။

ယခုလက်ရှိတွင် မုံရွာအကျဉ်းထောင်ရှိ ဖမ်းဆီးခံထားရပြီး အသနားခံစာမတင်သည့် CDM ဝန်ထမ်းများကို ထပ်မံတရားစွဲဆိုနေသည့်ဖြစ်စဉ်များရှိမရှိကို ဆက်လက် စောင့်ကြည့်စုံစမ်းနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က အသိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency