၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင်တွဲကားများအား မိုင်းဆွဲတိုက်ခိုက်

၀မ်ပေါင်ကြေးနီစီမံကိန်းမှ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင်တွဲကားများအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှ မြင်းမူဘက်သို့ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင်တွဲကားများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း People's Defence Force-South Monywa မှ မေလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဝမ်ပေါင်ကြေးနီစီမံကိန်းဧရိယာဘက်မှ စစ်ကောင်စီလုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင်တွဲကား (၉)စီးပါ ယာဉ်တန်းသည် နတ်ရေကန် စစ်ကောင်စီဂိတ်တွင် ခေတ္တရပ်နား၍ မြင်းမူဘက်သို့ထွက်လာစဉ် မေလ (၂၄)ရက် ညနေ ၆ နာရီခန့်၌ ပဒေသာမိုင်း (၈)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကြေးနီတင်တွဲကား (၉)စီးအနက် (၅)စီးမြောက်တွဲကားအား ပဒေသာမိုင်း (၅)လုံး၊ (၈) စီးမြောက် တွဲကားအား ပဒေသာမိုင်း (၃)လုံး စုစုပေါင်း ပဒေသာမိုင်း (၈)လုံးဖြင့် ချောင်းဦးမြို့နယ် နတ်ရေကန်နှင့် ရေးပိုးစားကန်ကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းမှ ဆိုသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်မှ ရေပိုးစားကန်တွင် ရောက်ရှိနေသော တပ်သားများနှင့် လမ်းပိုင်းကင်းချထားသည့်တပ်သားများ နှစ်ဖက်ညှပ်၍  လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲမှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး ပြန်လည်ပစ်ခတ်မှုများကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်းမှ ဆိုသည်။

တိုက်ခိုက်မှုကို နွေဦးလူငယ် People's Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Force နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ်လျှက်ရှိကာ ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် မေလအတွင်း (၇) ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်သည်။

#TachileikNewsAgency