ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးတစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးတစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ကို စစ်ကောင်စီတပ်က ‌ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေးတစ်ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုသည် ရမ်းဗြဲမြို့နယ်၊ ဖက်ကြပ်ရွာသို့ ကျရောက်ပြီး မောင်ဖြိုးကို(၁၃)နှစ် သေဆုံးပြီး၊ ဒေါ်ခင်ဆန်းရီ (၄၇)နှစ်နှင့် ဦးဘိုခိုင် (၅၆)နှစ်တို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"(၁၁)နာရီခွဲလောက်မှာ တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးနှစ်လုံးကြဲသွားတာ။ ကလေးတစ်ဦးသေတယ်။ ဒေါ်ခင်ဆန်းရီရဲ့ ပေါင်နဲ့ ဦးဘိုခိုင်ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယမန်နေ့ကလည်း မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကာ ဒေသခံ(၆)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် မြေပုံမြို့နယ် စညှင်းရွာအနီးတဝိုက်ကိုလည်း ယမန်‌နေ့တွင် ဂျက်ဖိုက်တာနှင့်

ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

#TachileikNewsAgency