ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ ဂျိုပင်ဆိပ် (BGF-၁၀၄) ၏ လက်အောက်ခံစခန်းကို KNU/KNLA တပ်ရင်း (၁) က ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၇)ရက်နေ့တွင် ဝင်သိမ်းရာ စစ်ကောင်စီ၏ BGF (၄) ဦးသေပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း KNU က ယနေ့ ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်က အာဏာသိမ်းစစ်ကောင်စီ၏ BGF (၄) ဦးသေပြီး စစ်ကောင်စီတပ်မှ တပ်ခွဲမှူးအပါအဝင်(၄)ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
တိုက်ခိုက်မှုများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့က စခန်းတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချိန်အတော်ကြာ ရမ်းသမ်းပစ်ခတ်မှုများကြောင့် စခန်းအရှေ့မှ ဆိုင်ကယ်မောင်းနှင်သွားသည့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ စစ်ကောင်စီ-BGFပူးပေါင်းတပ်ဖွဲ့သည် အင်အား (၃၀) ခန့်ရှိကာ ဖေဖော်ဝါရီလ (၇) ရက်နေ့၌ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ကျဆုံးမှုများကြောင့် ဖေဖော်ဝါရီလ (၈) ရက်နေ့ နံနက်အစောပိုင်းတွင် ဂျိုပင်ဆိပ် (BGF-1014)စခန်းကို စွန့်ခွာ၍ မိတ္ထီလာရွာ (ဘုရားကုန်း)သို့ ပြောင်းရွေ့ဆုတ်ခွာသွားကြောင်း သိရသည်။