ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အာဏာသိမ်းစစ်တပ်က လူနေအိမ်များကို မီးရှို့

ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အာဏာသိမ်းစစ်တပ်က လူနေအိမ်များကို မီးရှို့
ဒီဇင်ဘာ 10, 2021 | အခြားဒေသများ

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊  ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေစဉ်အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က  လူနေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း သိရသည်။

ယမန်နေ့က အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာသည့် ကန်ပက်လက်မြို့နယ်ရှိ ပါကွင်းကျေးရွာတွင် လူနေအိမ် (၇)လုံး မီးရှို့ခံရသဖြင့် နေအိမ်၊ စိုက်ပျိုးသီးနှံများနှင့် အသုံးအဆောင်ပစ္စည်း မီးလောင်ဆုံးရှုံးသွားသည့်အပြင် ဆိုင်ကယ် (၂)စီးနှင့် အခြားအသုံးအဆောင်များကို ယူဆောင်သွားခြင်း၊ ဖျက်ဆီးခြင်းများကိုလည်း လုပ်ခဲ့ကြကြောင်း ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ရေးက ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်က ကန်ပက်လက်မြို့မရဲစခန်းတွင် တပ်စွဲထားပြီးနောက် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကန်ပက်လက်မြို့တွင်းကို စစ်ကြောင်းထိုးလာ၍ ဒေသကာကွယ်ရေးတပ်နှင့် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ယင်းနေ့တွင် အာဏာသိမ်းတပ်မှ (၂)ယောက်သေခဲ့ကြောင်း သိရသည်။

အာဏာသိမ်းတပ်သည် အာဏာသိမ်းအဖွဲ့ကို တော်လှန်နေသည့် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များအား သာလွန်အင်အားများဖြင့် တိုက်ခိုက်နေသည့်တိုင် ၎င်းတို့ရောက်ရှိရာ မြို့ရွာများတွင် ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ အရပ်သား လူနေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားများ၏ ပစ္စည်းများ ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများကို လုပ်နေသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency

Photo: ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေး