မင်းဘူးမြို့မှ သတင်းသမား တင်ရွှေ(မင်းဘူး)ကို အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် (၃) နှစ်ချမှတ် 

မင်းဘူးမြို့မှ သတင်းသမား တင်ရွှေ(မင်းဘူး)ကို အာဏာသိမ်း စစ်ကောင်စီက ထောင်ဒဏ် (၃) နှစ်ချမှတ် 
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

မကွေးတိုင်း၊ မင်းဘူးမြို့မှ သတင်းသမားတစ်ဦးဖြစ်သည့် ဦးတင်ရွှေကို အာဏာသိမ်းအဖွဲ့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဦးတင်ရွှေအား ဖမ်းဆီးထားသည့် မကွေးထောင်တွင်းမှာပင် ထောင်တွင်းတရားရုံးဖြင့် ယနေ့ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ဦးတင်ရွှေသည် တင်ရွှေ - မင်းဘူး ကလောင် အမည်ဖြင့် သတင်းများရေးသားနေသူဖြစ်ပြီး အာဏာသိမ်းအဖွဲ့သည် ၎င်းအား ပြီးခဲ့သည့်နှစ် မတ်လ ကတည်းက ဖမ်းဆီးထားကာ (၁၀)လအကြာတွင် ပုဒ်မ ၅၀၅ - ဂ ဖြင့် ထောင်ဒဏ်ချလိုက်ခြင်းဖြစ်သည်။  

အာဏာသိမ်းအဖွဲ့သည် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းချိန်ကစပြီး သတင်းသမားများအား ဖမ်းဆီးခြင်း၊ သတင်းဌာနများအား ပိတ်သိမ်းခြင်း၊ သတင်းထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းခြင်းဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို အကြမ်းဖက်ပိတ်ပင်လာရာ  ၂၀၂၁ ခုနှစ်အတွင်း သတင်းသမားများအား ဖမ်းဆီးထောင်ချမှုအများဆုံး ကမ္ဘာ့အဆင့် (၂)သို့ရောက်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း သတင်းသမားများကို ဖမ်းဆီးထောင်ချမှုအများဆုံး အဆင့် (၁) ကို တရုတ်နိုင်ငံက သုံးနှစ်မြောက်အဖြစ် ဆက်လက်တည်ရှိနေခဲ့ခြင်းဖြစ်သည်။