ကနီမြို့နယ်အတွင်း တူမီးကိုင် ဒေသကာကွယ်ရေးအဖွဲ့ငယ်များကို အာဏာသိမ်းအဖွဲ့က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူဖြင့်ပါ ဖိနှိပ်တိုက်ခိုက်

ကနီမြို့နယ်အတွင်း တူမီးကိုင် ဒေသကာကွယ်ရေးအဖွဲ့ငယ်များကို အာဏာသိမ်းအဖွဲ့က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူဖြင့်ပါ ဖိနှိပ်တိုက်ခိုက်
ဒီဇင်ဘာ 11, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်အစောပိုင်းက တူမီးကိုင်ဒေသကာကွယ်ရေးအဖွဲ့ငယ်များဖြင့် တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးအပြင် လေကြောင်းပစ်ကူဖြင့်ပါ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယနေ့ နံနက်အစောပိုင်းတွင် ကနီမြို့နယ် ၊ ချမ်းသာစုဘုရားကုန်းအနီး၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်ကြသည့် DRPA ၊ ကျောက်လုံးကြီး PDF၊ ဒေသခံ PDF တို့ ပူးပေါင်းအဖွဲ့ကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ရာတွင် လက်နက်ကြီးအသုံးပြုသည့်အပြင် လေကြောင်းဖြင့်ပါ ပစ်ကူ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ ဆိုင်ကယ် (၁၀) ဆုံးရှုံးသွားကြောင်း သိရသည်။

ယင်းနောက် ညနေပိုင်းတွင် ကနီမြို့နယ်အတွင်း ဆယ်ရွာချောင်အနီး၌ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်( DRPA) နှင့် ဒေသခံမဟူ PDF တို့ပူးပေါင်း၍ ကားမိုင်းဆွဲရာ အာဏာသိမ်းစစ်တပ်မှ ကားတစ်စီး ပျက်စီးပြီး စစ်တပ်ဘက်မှ သေဆုံးမှုရှိသည်ဟု DRPA က သတင်းထုတ်ပြန်သည်။

 

ယမန်နေ့ကလည်း ကနီမြို့နယ်အတွင်း အာဏာရှင်‌တော်လှန်ရေးပြည်သူ့တပ်မတော်( DRPA) နှင့် ဒေသခံမဟူ PDFတို့ပူးပေါင်း၍ ကားမိုင်းဆွဲရာ အာဏာသိမ်းစစ်တပ်ဘက်မှ ကား (၂) စီးပျက်ပြီး သေဆုံးရှိသည်ဟု သိရသည်။

အာဏာသိမ်းမှုကို အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ပြည်သူ့ခုခံတော်လှန်ရေးအဖြစ် ရရာလက်နက်ဖြင့် လက်နက်ကိုင်တော်လှန်လာကြသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ငယ်များကို အာဏာသိမ်းစစ်တပ်က သာလွန် လူအင်အား၊ လက်နက်အင်အားအပြင် လေကြောင်းပါသုံး၍ တိုက်ခိုက်နေသည်ကို တွေ့ရသည်။