ပဲခူးတိုင်း သာယာဝတီခရိုင် ပေါင်းတည်မြို့နယ် စမ်းကြီးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ကြောင်း ပဲခူးတိုင်းစစ်ဌာန သာယာဝတီခရိုင် အမှတ်(၁) တပ်ရင်း (၃၈၀၁) တပ်ခွဲ(၂) Phoenix DF အဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်သည်။
ပေါင်းတည်မြို့နယ် စမ်းကြီးရွာမှ အင်အား (၄၄)ဦးခန့်ဖြင့် ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းအား နတ်တလင်းမြို့နယ် တောင်ကျစမ်းအထက် ပြောင်တောင်ခြေရင်းသို့အရောက်၌ ဒီဇင်ဘာလ (၃)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းသည် နတ်တလင်းမြို့နယ် ပန်တင်းပင်ကျေးရွာသို့ ရောက်ရှိနေသည့် အင်အား (၂၀)ဦး ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကွင်းကျယ်အထိုင်စခန်းမှ အင်အား (၂၄)ဦးခန့်ဖြင့် သွားကြိုပြီးအပြန် နတ်တလင်းမြို့နယ် ပြောင်တောင်ခြေရင်းသို့ အရောက်၌ မိုင်းဆွဲခံရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာပြင်းထန်ရရှိကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
ဆက်လက်၍လည်း စစ်တပ် ၊ ရဲ ၊ ပျူစောထီးနှင့် စစ်ကောင်စီ ဒေါက်တိုင်များအား အခါအခွင့်သင့်သလို တိုက်ခိုက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ထိခိုက်မှုမရှိစေရန် ၎င်းတို့အနီးသွားလာ လှုပ်ရှားခြင်းမပြုကြရန် သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း (၃၈၀၁) တပ်ခွဲ(၂) Phoenix DF အဖွဲ့က အသိပေးထားသည်။
#TachileikNewsAgency