ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ကျေးရွာများကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးနေ

ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ကျေးရွာများကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးနေ
ဖေဖော်ဝါရီ 19, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးလာခြင်းကြောင့် ‌ကျေးရွာ(၂၀)ဝန်းကျင်မှ ဒေသခံများ တိမ်းရှောင်နေရသည်ဟု သိရသည်။

"မြေပြင်မှာက စစ်ကြောင်းထိုးနေပါတယ်။ ရွာ(၂၀)ကျော် စစ်ရှောင်နေပါတယ်။ ရွာသာယာနဲ့ ရတနာရွာ အနီးတစ်ဝိုက်ကို Mi 35နဲ့ မနက်ပိုင်းလောက်က ပစ်သွားတာ။ ထိခိုက်မှုက မသိရသေးဘူး။ စစ်ကြောင်းထိုးရင်း ပစ်တာပါ။ လမ်းရှင်းတဲ့သဘောပါ။ တန့်ဆည်အပိုင်ဘက် ရောက်လာတာပေါ့ စစ်ခွေးတွေက။"ဟု တန့်ဆည်ဒေသမှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

တိမ်းရှောင်နေရသည့်ရွာများမှာ ရေဦးမြို့နယ် နှင့် တန့်ဆည်မြို့အစပ်ရှိ ဖလံဂုဏ်၊ ကန်ပေါက်၊ စည်သာမြေ၊ ပန်းကုံး၊ ဗိုလ်ရုံ၊ ဆပ်သေ၊ အင်တော၊ တူမောင်း၊ ဝက်သဲ၊ မင်းမောင်းကုန်း၊ ရွာထောင်ရွာ၊ ရွာသာယာ၊ ရတနာ၊ ချောင်းရိုး၊ ထန်းတော၊ သပြေပင်၊ ရွာကျဲ၊ ဂွေးမှော်ကုန်းနှင့် ကုန်းရိုး စသည့် ကျေးရွာများဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် အနီးရှိကျေးရွာများမှ ဒေသခံများ အမြန်ဆုံးတိမ်းရှောင်ကြရန်လည်း ကူညီပေးနေသူများက အသိပေးထားသည်။

#TachileikNewsAgency