အွန်လိုင်းလောင်းကစား နှင့် ကျားဖြန့်လုပ်ငန်းများကို ငွေကြေးရယူပြီး ဖွင့်လှစ်ခွင့်ပေးထားသည့် တာချီလိတ်မြို့တွင် လောင်းကစားများကို ဖမ်းဆီးပြသည့် အနေဖြင့် သုံးလုံးချဲထီရောင်းချသူများကို ဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့တွင် ထွက်ရှိမည့် သုံးလုံးချဲထီနှင့် ပတ်သက်ပြီး ရောင်းချနေသူများကို ဟောင်လိတ်နယ်မြေရဲစခန်းအဖွဲ့နှင့် မြို့မရဲစခန်းအဖွဲ့တို့က ၎င်းတို့ ပိုင်နက်အတွင်း နေရာကွက်ကျား လိုက်လံဖမ်းဆီးကြခြင်း ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ(၂)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ ဒေါ်နဲလေ၏ နေအိမ်ဆိုင်ခန်းတွင် သုံးလုံးချဲထီရောင်းချနေစဉ် ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်ရောက်ဖမ်းဆီးစဉ် အဆိုပါ နေအိမ်ဆိုင်ခန်း၌ သုံးလုံးချဲထီ ဘောင်ချာစာအုပ် စုစုပေါင်း (၂၃၀)ကျော် နှင့် လောင်းကြေးငွေသားများအနေဖြင့် ထိုင်းဘတ်ငွေတို့ကို တွေ့ရှိ၍ သိမ်းဆည်းသွားကြောင်းလည်း သိရသည်။
ဒေါ်နဲလေအား သုံးလုံးချဲထီရောင်းချမှုဖြင့် ဟောင်လိတ်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲမှူးဇော်ဝင်းနိုင်က တရားလိုပြုလုပ်ပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၄/၂၀၂၅၊ ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေပုဒ်မ- ၁၈(က) ဖြင့် အမှုဖွင့်ကာ ဒေါ်နဲလေအား အချုပ်ခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
အလားတူ တာချီလိတ်မြို့တွင်း အချို့ရပ်ကွက်တို့တွင် သုံးလုံးချဲ့ထီရောင်းချသူ အချို့ကို တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သုံးလုံးချဲထီ ဘောင်ချာစာအုပ်များ နှင့် ချဲရောင်းရငွေများကို သိမ်းဆည်းကာ လူကိုတော့ တာချီလိတ်မြို့မရဲစခန်း၏ အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။
သုံးလုံးချဲထီရောင်းချသူအား ဖမ်းဆီး အမှုဖွင့်လှစ်ထားသည့် ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေပုဒ်မ- ၁၈(က)သည် ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ်(၁)နှစ်ကနေ အများဆုံး ထောင်ဒဏ်(၃)နှစ်အထိ ချမှတ်ခံရနိုင်သလို ထောင်ဒဏ်အပြင် အနည်းဆုံး ကျပ်(၁)သိန်းမှ အများဆုံး ကျပ်(၅)သိန်းအထိ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည့် သုံးလုံးချဲထီရောင်းချသူများကို ထိုင်းဘတ်ငွေ (၂၀,၀၀၀)ပေးပါက ပြစ်ဒဏ်သက်သာရေးနှင့် အများဆုံး ထောင်ဒဏ် (၆)လသာ ကျခံရအောင် ကူညီပေးမည်ဟု ပြောပြီး ငွေတောင်းခံမှုများရှိနေကြောင်းလည်း ဖမ်းဆီးခံရသူများ၏ နီးစပ်သူများထံက သိရသည်။
"ကျွန်တော့်အသိရဲ့ ဈေးဆိုင်မှာ ချဲရောင်းလို့ဆိုပြီး မနေ့က ဖမ်းသွားတယ်။ ချဲဖွင့်ရက်ဆိုတော့ ချဲရောင်းရငွေ ဘတ်(၄/၅၀၀၀)လောက်လဲရှိမယ်။ အဲ့ဒါကိုလည်း သိမ်းသွားတယ်ပြောတယ်။ လူကိုတော့ အမှုသက်သာအောင်လုပ်ပေးမယ်ဆိုပြီး ဘတ်ငွေ (၂၀,၀၀၀)တောင်းတယ်တဲ့။ တာချီလိတ်မှာဗျာ လုပ်မယ်ဆိုရင်လည်း အားလုံးတပြေးညီဖြစ်အောင် လောင်းကစားမှန်သမျှ အကုန်ဖမ်းပါလား။ အခုက သူတို့ ဖမ်းချင်တာကိုပဲ ထဖမ်းပြီး ဟန်ပြလုပ်တာကတော့ ရဲသိက္ခာလည်း ကျသလို ခံရသူအနေနဲ့လည်း မမျှတဘူးပေါ့"ဟု ချဲရောင်းမှုဖြင့် ဖမ်းခံရသူ တစ်ဦး၏ မိတ်ဆွေတစ်ဦးက ပြောပြသည်။
တာချီလိတ်မြို့တွင် နေအိမ်များနှင့် ဟိုတယ်များတွင် အွန်လိုင်းလောင်းကစားများကို ဖွင့်လှစ်ခွင့်ရရှိရန်အတွက် တချီလိတ်တပ်နယ် နှင့် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့( ရဲတပ်ဖွဲ့ အဖွဲ့စုံ) အပါအဝင် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား လစဉ်ကြေးအဖြစ် ပေးရကြောင်းနှင့် အဖမ်းအဆီးရှိမည်ဆိုပါက ရှောင်ရှားသိမ်းဆည်းထားနိုင်ရန်အတွက် ကြိုတင် အသိပေးလေ့ရှိကြောင်း နှင့် ယခု ဖမ်းဆီးသည့် သုံးလုံးချဲထီရောင်းသူများထံက လစဉ်ကြေး မရသည့်အတွက် ဖမ်းဆီးခြင်းဖြစ်သည်ဟုလည်း ရဲအငြိမ်းစား တစ်ဦးက ဆိုသည်။
"မနေ့က ချဲထီရောင်းတဲ့ သူတွေကို ဖမ်းတယ်လို့ ကြားလိုက်တယ်ဗျ။ ဒီလိုလုပ်တာတွေက တာချီလိတ်အနေနဲ့တော့ ဟာသတစ်ခုလိုပဲဗျာ။ ရပ်ကွက်ထဲက လောင်းကစား ဂိမ်းခုံတွေကနေ ဟိုတယ်တွေအထိ ဖွင့်ထားဆဲဖြစ်တဲ့ လောင်းကစားလုပ်ငန်းတွေက သက်ဆိုင်ရာအဖွဲ့တွေကို လစဉ်ကြေးပေးရတယ်။ သူတို့တွေက အဲ့ဒီကနေ ရနေတော့ ဒါတွေကို ထိမှာ မဟုတ်ဘူး။ ဒီအသေးအမွှား ချဲထီသုံးလုံးရောင်းချသူတွေကိုတော့ ဟန်ပြအနေနဲ့ အဖမ်းပြလို့ သိပ်ကောင်းတာပေါ့။ ဘာလို့ဆို ဒီ ချဲထီသုံးလုံးရောင်းသူတွေနားက လစဉ်ကြေး မရဘူးလေ။ အဲ့တော့ အထက်ကို ကျွန်တော်တို့ လောင်းကစားတွေကို နှိမ်နင်းဖမ်းဆီးထားပါတယ်ဆိုပြီး လုပ်ပြတဲ့ သဘောပါပဲ။"ဟု အမည်မဖော်လိုသည့် ရဲအငြိမ်းစား တစ်ဦးက Tachileik News Agency သို့ ပြောသည်။