တာချီလိတ်ဆေးရုံသစ် နှင့် ဆေးရုံဟောင်းတို့ရှိ ဝန်ထမ်းအိမ်ယာများမှ CDM ဝန်ထမ်းများ တိမ်းရှောင်နေရပြီး မီတာခအချိန်မီ မဆောင်နိုင်၍ လျှပ်စစ်မီး ဖြတ်တောက်ခံထားရ

တာချီလိတ်ဆေးရုံသစ် နှင့် ဆေးရုံဟောင်းတို့ရှိ ဝန်ထမ်းအိမ်ယာများမှ CDM ဝန်ထမ်းများ တိမ်းရှောင်နေရပြီး မီတာခအချိန်မီ မဆောင်နိုင်၍ လျှပ်စစ်မီး ဖြတ်တောက်ခံထားရ
မတ် 31, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကျန်းမာရေးဝန်ထမ်းအများစုမှာ CDM ပြုလုပ်နေကြရာ မီတာခအချိန်မီ မဆောင်နိုင်၍ ပြည်သူ့ဆေးရုံဟောင်းနှင့်‌ ဆေးရုံသစ်ဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာများ  ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့မှစ၍ လျှပ်စစ်မီးဖြတ်တောက်ခံထားရပြီဖြစ်ကြောင်း သိရသည်။

CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများမှာ တိမ်းရှောင်နေကြရသဖြင့် မီတာခဆောင်ရန် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

"CDM လုပ်နေတဲ့ ဝန်ထမ်းအများစုဟာ  ဆေးရုံဝန်းထဲက အိမ်ယာမှာ မနေတော့ပေမယ့်၊ အလွယ်တကူ ပြောင်းရွေ့ မရတဲ့ပစ္စည်းများကျန်ရှိပါသေးတယ်၊ မီးလင်းရေးရုံးက မီတာခဆောင်ရန် အကြောင်းကြားပေမဲ့လည်း လတ်တလော ဆောင်ဖို့က အဆင်မပြေကြဘူး"ဟု CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

မီးလင်းရေးရုံးက မီတာခများပေးဆောင်ရန် အကြောင်းကြားထားသဖြင့် သွားရောက်ပေးဆောင်သူများမှာလည်း လက်မှတ်ထိုးခိုင်းခြင်းများလည်း ရှိနေသည်ဟု လက်မှတ်ထိုးခဲ့ရသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

မီတာခ မဆောင်သည့် နေအိမ်များမှာ ဆေးရုံ၏ ဝန်ထမ်းအိမ်ယာတစ်ခုတည်းမဟုတ်ဘဲ အခြားအိမ်များလည်း ပါဝင်ကြောင်း နှင့် မီတာခ လာရောက်မဆောင်ပါက လျှပ်စစ်မီးကို ယာယီ ဖြတ်တောက်ခြင်းများ ပြုလုပ်ပြီး လျှပ်စစ်မီတာခ လာရောက်ပေးဆောင်ပါက ချက်ချင်း ပြန်တပ်ပေးကြောင်း မီးလင်းရေးရုံးမှ သိရသည်။



တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို မြို့မီးလင်းရေးကော်မတီက တစ်ဆင့်ဝယ်ယူ၍ ပြန်လည် ဖြန့်ဖြူး ရောင်းချနေခြင်းဖြစ်သည်။