လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ မယ်ဆိုင်ချောင်းဘေးတွင် ချောင်းအတွင်းမြေဖို့ပြီး ကျူးကျော်ဆောက်လုပ်မှု များပြားလာသည့်အတွက် နေထိုင်သူများကို စနစ်တကျစာရင်းကောက်ယူပြီး မြို့နယ်စုပေါင်းရုံးတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက (၁၀) ဦးတစ်ဖွဲ့နှုန်းဖြင့် ဥပဒေကြောင်းရာများရှင်းလင်းပြောကြားမှုများလုပ်ဆောင်ခဲ့ပြီးနောက် ဖယ်ရှားပေးရေးအတွက် ယခုလို ခေါ်ယူပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒါနဲ့ဆို (၅) ကြိမ်မြောက်ရှိပါပြီ။ ကျွန်တော်တို့ခေါ်ပြီးတော့တွေ့ဆုံဆွေးနွေးတယ်။ ခေါ်ပြီးတော့ ပြောပြတယ်ပေါ့။ ဖယ်ရှားရမယ်ဆိုတဲ့အကြောင်း ပြောပြတာ (၅) ကြိမ်ရှိပါပြီ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဌာန၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် မယ်ဆိုင်ချောင်းဘေးနေအိမ်ဆောက်လုပ်နေထိုင်သူများတက်ရောက်ခဲ့ကြသည်။
လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း တာချီလိတ် - မိုင်းဆတ်သွား လမ်းမကြီးဘေး၊ မယ်ဆိုင်ချောင်းဘေးတွင် အဆောက်အဦးနှင့် မြေကွက်များရယူထားသူ (၆၄) ဦးရှိနပြေီး အမည်စာရင်းကောက်ယူရရှိသူ (၅၇) ဦးရှိခဲ့ရာတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်းနေထိုင်ခဲ့သူ (၁၀) ဦးသာ ပါဝင်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း