တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်
တစ်နှစ်ပတ်လုံး ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားတဲ့ ကျိုင်းတုံ ဆေးဖြတ်စခန်းမှာ မူးယစ်ဆေးဖြတ်လိုသူများ ဆက်သွယ်နိုင်
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်က ပြန်လည်ထူထောင်ရေးစခန်မှာ စခန်းအခြေပြု မူးယစ်ဆေးဖြတ်လုပ်ငန်းတွေကို တစ်နှစ်ပတ်လုံး ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားတဲ့အတွက် ဆေးဖြတ်ချင်သူတွေ စခန်းကို ဆက်သွယ်နိုင်ကြောင်း ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဖြစ်သူ ဦးမျိုးသက်ထွန်းက ပြောပါတယ်။
ဆေးဖြတ်စခန်းမှာ မူးယစ်ဆေးဝါးမျိုးစုံ ဖြတ်လိုသူတွေကို လက်ခံပြီးတော့ ဆေးဝါးတွေနဲ့စတစ်တကျ ကုသပေးနေကြောင်း ကျိုင်းတုံပြည်သူ့ဆေးရုံကြီးက စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာသပြေကြည်က ပြောပါတယ်။
ဆေးဖြတ်စခန်းမှာ လာရောက်ကုသသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ မပေါက်ကြားစေဖို့စနစ်တကျထိန်းသိမ်းပေးထားတဲ့ အတွက် စိတ်ချယုံကြည်စွာနဲ့ လာရောက်ဆေးဖြတ်နိုင်တယ်လို့ ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဖြစ်သူ ဦးမျိုးသက်ထွန်းက ပြောပါတယ်။
မူးယစ်ဆေးသုံးစွဲသူတွေက နာတာရှည်ဦးနှောက်ရောဂါရရှိတဲ့ သူတွေဖြစ်တဲ့အတွက် ချုပ်နှောင်ထားပြီး ဆေးဖြတ်မှုတွေ မလုပ်သင့်ပဲ ဆေးဝါးတွေနဲ့ စနစ်တကျ ကုသပေးသင့်တယ်လို့ ဒေါက်တာသပြေကြည်က ပြောပါတယ်။
မူးယစ်ဆေးစွဲသူတွေကို ကျိုင်းတုံမြို့က ပြန်လည်ထူထောင်ရေးစခန်မှာ ပြန်လည်ထူထောင်ရေးသင်တန်းအဖြစ် (၃) လကြာဖွင့်လှစ်ပြုစုပေးနေပြီး မူးယစ်ဆေးဖြတ်ဖို့ ဆေးကုသမှုတွေလုပ်ဆောင်ပေးမှုအပါအဝင် ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ် (၅) မျိုးကိုလည်း သင်တန်းပို့ချပေးနေပါတယ်။
ဆေးဖြတ်လိုသူများအနေနဲ့ ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဖုန်း ၀၉ ၄၂၈၂၂၄၄၆၆ ကို ဆက်သွယ်နိုင်ပါတယ်။