လေကြောင်းမှ ပစ်ခတ်ခံရသည့် နှမ်းခါးရွာတွင် သေဆုံးသူနှင့် ဖမ်းဆီးခံထားရသူအများအပြားရှိနေ၍ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံခြုံရေးအထူးသတိပေးချက်ထုတ်ပြန်

လေကြောင်းမှ ပစ်ခတ်ခံရသည့် နှမ်းခါးရွာတွင် သေဆုံးသူနှင့် ဖမ်းဆီးခံထားရသူအများအပြားရှိနေ၍ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံခြုံရေးအထူးသတိပေးချက်ထုတ်ပြန်
By Tachileik News Agency

မည်သည့်တိုက်ခိုက်မှုမှ မရှိဘဲ အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဝင်ပစ်ခံရသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာတွင် သေဆုံးသူနှင့် အဖမ်းဆီးခံထားရသူ အများအပြားရှိနေပြီး အာဏာသိမ်းစစ်တပ်က ကျေးရွာတွင်း ရှိနေဆဲဖြစ်၍ မိုဘိုင်းဖုန်းဆက်သွယ်ခြင်းများကို အထူးသတိထားကြရန် ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံခြုံရေးသတိပေးချက်တစ်စောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

 အာဏာသိမ်းစစ်တပ်က ဖမ်းဆီး၍ညှင်းပန်းနှိပ်စက်စစ်ဆေးခံနေရသူ (၁၀)ဦးထက်မနည်းရှိနေသဖြင့် မိမိတို့ဆက်သွယ်မည့် မိုဘိုင်းဖုန်းနံပါတ်ပိုင်ရှင်သည် ဘေးကင်းလုံခြုံရာတွင် ရှိကြောင်းသေချာမှသာ ဆက်သွယ်ကြရန် အထူးသတိပေးနှိုးဆော်အပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်တပ်က နှမ်းခါးရွာကို ဒီဇင်ဘာလ (၁၇) ရက်နေ့က ဝင်ထွက်ပေါက်များအား အင်အားဖြင့်ပိတ်၍ လေကြောင်းမှ ပစ်ခတ်မှုကြောင့် သေဆုံးသူအများအပြားရှိနေပြီး အာဏာသိမ်းတပ်က ကျေးရွာတွင်း ရှိနေဆဲဖြစ်၍ ယနေ့အထိ အလောင်းမကောက်နိုင်၊ အရေအတွက် အတည်မပြုနိုင်သေးဘဲဖြစ်နေကြောင်း သိရသည်။

နှမ်းခါးရွာတွင် ဒီဇင်ဘာ (၁၇) ကတည်းကဝင်နေသည့် အာဏာသိမ်းစစ်တပ်မှ အင်အားအချို့သည် ဒေသခံများအား လူသားတံတိုင်းအဖြစ်အသုံးပြုရန်ခေါ်သွားကာ ယနေ့နံနက်ပိုင်းတွင် ကျေးရွာမှ ထွက်သွားသော်လည်း အင်အားအချို့ နှမ်းခါးရွာတွင် ကျန်ခဲ့ကြောင်းသိရသည်။

ယနေ့နံနက်ပိုင်းတွင်လည်း အာဏာသိမ်းစစ်တပ်က နှမ်းခါးရွာမှ နေအိမ်အချို့ကို မီးရှို့နေကြသဖြင့် နှမ်းခါးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ခံရသည့် (၄)ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ပျူစောထီးအဖွဲ့များက ဒေသခံများတိမ်းရှောင်နေရသည့် နှမ်းခါးရွာမှ စပါးများနှင့် ဒေသခံများ၏ ပစ္စည်းများကို Faw ကား (၄) စီးဖြင့် လာသယ်သွားကြသည်ဟု ဒေသခံများထံမှ သိရသည်။