ဆီမီးခုံမြို့ဆေးရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ဈေးဝယ်ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

ဆီမီးခုံမြို့ဆေးရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ဈေးဝယ်ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း မြင်းခြံခရိုင် ဆီမီးခုံမြို့ဆေးရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများ ဈေးဝယ်ထွက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဆီမီးခုံမြို့ဆေးရုံအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများမှ တပ်ဖွဲ့ဝင် (၈)ဦးသည် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် (၈) နာရီခန့်တွင် မြို့အနောက်ဈေးသို့ ဈေးဝယ်ထွက်လာစဉ် တံတားကြီးအနီး ကွန်ကရစ်လမ်းပေါ်၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒံပေါက်ဘူး မိုင်း (၇) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲပြီးနောက် စစ်ကောင်စီတပ်သား (၅)ဦး လဲကျသွားပြီး ကျန်နေသည့် စစ်ကောင်စီတပ်သားများမှ မိုင်းထိသူများအား ဆွဲခေါ်၍ ဘေးပတ်ဝန်းကျင်လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်ကာ ဆေးရုံရှိရာ မြို့အရှေ့ပိုင်းသို့ ထွက်ခွာသွားကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးသည့် စစ်ကောင်စီတပ်သားကို နံနက် (၁၁) နာရီခန့်တွင် စောင်ပုခတ်ဖြင့် ထမ်း၍ လုံခြုံရေးယူကာ မြစ်ဆိပ်ဘက်သို့ သယ်ယူသွားကြောင်း သိရသည်။

မိုင်းဆွဲခံရအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆီမီးခုံမြို့အတွင်းရှိ ပြည်သူများအား ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) နှင့် AungSan's Blood Civilians Defense Force(ABCDF) မဟာမိတ်ညီနောင်တို့မှ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO၏ စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆီမီးခုံမြို့အတွင်း စစ်သား ၊ ရဲ ၊ ပျူစောထီးနှင့် စစ်ကောင်စီဒေါက်တိုင်များအား တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့် နီးကပ်စွာသွားလာနေထိုင်ခြင်းမပြုကြရန်  ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။

#TachileikNewsAgency

Photo: ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဒံပေါက်ဘူး မိုင်း