ရန်ကုန် - မော်လမြိုင်လမ်းပေါ်ရှိ သိမ်ဇရပ်နယ်မြေရဲစခန်း Drone ဖြင့် တိုက်ခိုက် ခံရ

ရန်ကုန် - မော်လမြိုင်လမ်းပေါ်ရှိ သိမ်ဇရပ်နယ်မြေရဲစခန်း Drone ဖြင့် တိုက်ခိုက် ခံရ

မွန်ပြည်နယ်  ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန် - မော်လမြိုင်လမ်းပေါ်ရှိ သိမ်ဇရပ် နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီလ(၉)ရက်နေ့တွင် ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။ 

သိမ်ဇရပ်နယ်မြေရဲစခန်းကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ ခမရ(၂၀၇)မှ စစ်ကောင်စီတပ်သားနှစ်ဦးသေပြီး ရဲ(၃)ဦးဒဏ်ရာရသည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဘက်က ဒရုန်းတစ်စီးသာ စက်ချို့ယွင်းကာ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစုသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်ကလည်း သိမ်ဇရပ်မြို့ရှိ ထွေအုပ်ရုံးကို တော်လှန် ရေးအဖွဲ့များနှင့်အတူ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင်လည်း သိမ်ဇရပ်နယ်မြေရဲစခန်းနှင့် ခမရ(၂၀၇)တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သေးသည်။

၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ကလည်း စစ်ကောင်စီတပ်စွဲထားသည့် လက်ပံပင်သုဿန်ဂိတ်စခန်းနှင့် ဒီဇင်ဘာလ(၂၁)ရက်နေ့တွင် မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကိုလည်း KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့က ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့သည်။