စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို တိုက်ပွဲနှင့် ဆွဲချမှသာရမည်ဟု နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် (၂၅)ဦးကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် အာဂျင်တီးနားနိုင်ငံ တရားရုံးက ယမန်နေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်သည့်အပေါ် ဦးသန်းစိုးနိုင်က ယင်းသို့ပြောဆိုခြင်းဖြစ်သည်။
“ဘာမှမထူးပါဘူး။ အစ္စရေးဝန်ကြီးချုပ်လည်း ဝရမ်းထုတ်ထားပေမယ့် ဘယ်သူမှမထိရဲပါဘူး။ မင်းအောင်လှိုင်လည်း တိုက်ပွဲနဲ့ ဆွဲချမှ ရမှာပဲ။ တရားရုံးတွေ အားကိုးလည်း အလကားပဲ။”ဟု ဦးသန်းစိုးနိုင်က Tachileik News Agency ကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် စစ်ကောင်စီတပ်မှ အရာရှိ(၂၅)ဦးကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ တရားရုံးက ဖမ်း၀ရမ်းထုတ်လိုက်ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana ၏ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နှင့် မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) တို့က အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ကူညီခဲ့သည်ဟု သိရသည်။
“ကျူးလွန်ထားတဲ့ ရာဇဝတ်မှုအတွက် တရားစီရင်မှုနဲ့ ရင်ဆိုင်ရမှာဆိုတော့ အခု ရင်ဆိုင်ရပါပြီ။ နိုင်ငံတကာ တရားဝင် ဝရမ်းပြေးဖြစ်သွားပါပြီ။ အင်တာပိုလ်စာရင်းထဲဝင်တာနဲ့ ဘယ်နိုင်ငံကိုမှ သွားခွင့်မရှိတော့ပါဘူး။”ဟု Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်က Tachileik News Agency ကိုပြောသည်။
နိုင်ငံတွင်းမှ မထွက်သည့်အပြင် ၎င်းသွားသည့်နိုင်ငံများက ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးပါက စစ်ခေါင်းဆောင်သည် ဖမ်းခံရရန်မရှိဟုလည်း သူက ဆိုသည်။
“ဒါပေမယ့် နိုင်ငံအာဏာကို လုယူထားသူတစ်ဦးက ဝရမ်းပြေးဖြစ်နေတာ့ သူနဲ့ ဆက်ဆံတဲ့နိုင်ငံတိုင်း မျက်နှာပြောင်တိုက် နိုင်ငံသိက္ခာကျခံပြီး ဆက်ဆံမှရမယ့်အနေအထားပါ။”ဟု ရိုနေဆန်းလွင်က ဆက်ပြောသည်။
တရားရုံးမှ အင်တာပိုလ်ကို ချက်ချင်းအကြောင်းကြားမည်ဟု သူကယုံကြည်နေပြီး ထုတ်ထားသည့် ဖမ်းဝရမ်းကို အသက်ဝင်ရန် တရားရုံးက ချက်ချင်းလုပ်မည်ဟုလည်း ရိုနေဆန်းလွင်က ဆိုသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့တွင်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)ထံ တရားလိုရှေ့နေ Karim Khan က တောင်းဆိုထားသည်။